နေပြည်တော်၊ ဖေဖော်ဝါရီ ၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co., Ltd ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်နှင့် တာဝန်ရှိသူများက လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ကုမ္ပဏီရှင်းလင်းဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များအား Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့် က လုပ်ငန်းစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ခေတ်မီနည်းစနစ်များဖြင့် ငါးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေး လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ ချမှတ်ပေးထားသည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ ရည်မှန်းချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံ စက်မှုစီးပွားရေး လုပ်ငန်းတွင် ပါဝင်သည့် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ငါးသားဖောက်ခြင်း Smart Hatchery & Nursery ကို အဆင့်လိုက် ဆောင်ရွက်လျက်ရှိမှု၊ ငါးသားပေါက်များအား ပြုစုမွေးမြူခြင်း Smart Grow Out Farm စမ်းသပ်ဆောင်ရွက်လျက်ရှိမှုနှင့် စမ်းသပ်ဆောင်ရွက်ခြင်း၏ ရလာဒ်များ၊ လုပ်ငန်းစတင် ဆောင်ရွက်ခဲ့မှု မှတ်တမ်းများ၊ နိုင်ငံတကာ စံညွှန်းများနှင့်အညီ ငါးအစာ Feed Factory တည်ဆောက်မှု လုပ်ငန်းစဉ်များ၊ Seafood Processing & Cold Storage Plant ဆောင်ရွက်လျက်ရှိမှု၊ စက်ပစ္စည်း ကိရိယာများ စတင်တပ်ဆင်ဆောင်ရွက်လျက်ရှိမှု၊ ဝန်ထမ်းအိမ်ရာများနှင့် ရုံးခန်းများ၊ လမ်းတံတားများ ထည့်သွင်းဆောင်ရွက်ထားရှိမှု၊ စပါးခွံသုံး Biomass Power Plant ထည့်သွင်း တည်ဆောက်ထားရှိသဖြင့် ကိုယ်ပိုင်လျှပ်စစ်စွမ်းအား ထုတ်လုပ်နိုင်သည့်အပြင် မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးများ ထုတ်လုပ်နိုင်မှု၊ ငါးထုတ်ကုန်များကို အလေအလွင့် လုံးဝမရှိသည်အထိ အဆင့်မြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှု၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်တက်လာစေရေး ပြုစုပျိုးထောင် ပေးလျက်ရှိမှု၊ စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ရရှိလာနိုင်မည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုကာလကို တိုးမြှင့်ပေးစေလိုမှုနှင့် နိုင်ငံတော်မှလည်း လိုအပ်သည်များကို အားပေးကူညီ ဆောင်ရွက်ပေးစေလိုမှုတို့ကို ရှင်းလင်းတင်ပြသည်။    

 

 

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ငါးမွေးမြူရေးဆောင်ရွက်မှု၊ ထွက်ရှိမှု၊ ဈေးကွက်ရရှိမှု၊ ဝန်ထမ်းများအလုပ် လုပ်ကိုင်မှုနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှုတို့နှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး အကြံပြုဆွေးနွေး ပြောကြားရာတွင် မိမိတို့ အနေဖြင့် ပြည်တွင်းစီးပွားရေးမြှင့်တင်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့ စီးပွားမြှင့်တင်ရာတွင် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ မွေးမြူ ရေး လုပ်ငန်းဆောင်ရွက်ရာတွင် အဓိက အသားထွက်ရှိသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး ဟူ၍ ရှိမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများကို မိရိုးဖလာ မွေးမြူရေးနည်းလမ်း များထက် စနစ်ကျနပြီး ကောင်းမွန်သည့် ခေတ်မီမွေးမြူရေးနည်းလမ်းများကို ဆောင်ရွက်ရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းတွင် ခြံစနစ်လှောင်အိမ်စနစ်ဖြင့် မွေးခြင်း၊ လှန်၍မွေးခြင်း၊ လွှတ်ကျောင်း၍မွေးခြင်း ဟူ၍ရှိပြီး လှောင်၍ မွေးမြူ ခြင်းသည် စနစ်အကျဆုံးနှင့် အကောင်းဆုံးဖြစ်ကြောင်း။

 

မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့ကို အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအချက် ဖြစ်သည့် စားရေရိက္ခာဖူလုံရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ရှိ လူတန်းစားအားလုံး ဝယ်ယူစားသောက်နိုင်သည့် အသား၊ ငါး များ ဈေးနှုန်း သက်သက်သာသာနှင့် လုံလုံလောက်လောက် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ငါးများကို စနစ်တကျ မွေးမြူခြင်းသည် နိုင်ငံ၏ စားရေရိက္ခာဖူလုံရေးအတွက် အကျိုးရှိသည့် လုပ်ဆောင်ချက် တစ်ခုပင်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စနစ်ကျနသည့် ငါးမွေးမြူရေး စနစ်ကို ဖော်ဆောင်ရန်လိုကြောင်း၊ သို့မှသာလျင် လူတန်းစားအားလုံး ငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း။

 

လူတိုင်းသည် ဘဝတိုးတက်ရေးအတွက် အလိုရှိကြပြီး အလုပ်အကိုင်များ ခန့်ထားရာတွင် ၎င်းတို့၏ အလုပ်အကိုင်မှ အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးရန် လိုကြောင်း၊ လုပ်ငန်းများအလိုက် ကျွမ်းကျင်မှုရှိစေရေး အတွက်လည်း စီမံခန့်ခွဲ ဆောင်ရွက်ပေးရန်နှင့် လူ့သဘောသဘာဝကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ပါက အကျိုးပိုမိုဖြစ်ထွန်းမည်ကို အကြံပြုလိုကြောင်း။

 

နိုင်ငံတော်၏ စီးပွားမြှင့်တင်ရေးအတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိ ပြီး တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာ ရှိကြောင်း၊ လုပ်ငန်းများဆောင်ရွက် ရာတွင် ပြည်ပမှအကူအညီများကို ရယူမှု အနည်းဆုံးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ အတတ်နိုင်ဆုံး ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများဖြင့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျင် ကောင်းမွန်ကြောင်း၊ မွေးမြူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုပါကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကူညီအားပေးရန်၊ ဖွံ့ဖြိုးတိုးတက်စေရန် အာမခံထားပြီး ပူးပေါင်းစွမ်းအားဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်စေရမည်ဖြစ်ကြောင်း။

 

လူသားအရင်းအမြစ်လိုအပ်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ အတန်းပညာ မြင့်မားရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာ အဆင့်မြင့် ပညာရပ်များကိုလည်း တက္ကသိုလ်၊ ကောလိပ်များတွင် သင်ကြားပေးလျက်ရှိကြောင်း၊ လာမည့်ပညာရေးနှစ်တွင်လည်း နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အခြေခံပညာ အထက် တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု နည်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ နောက်တစ်ဆင့်အနေဖြင့် တစ်နိုင်ငံလုံး ဖွင့်လှစ်နိုင်အောင် ဆက်လက်ဆောင်ရွက်ပြီး စိုက်ပျိုး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအတွက် လုပ်ငန်းကျွမ်းကျင်သူများ ပေါ်ပေါက်လာအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး KG+9 အထိ အခမဲ့ပညာသင်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတစ်ဝန်းပညာတတ်များ ပေါကြွယ်ဝမှသာလျင် လူသားအရင်းအမြစ်ကောင်းများ တိုးပွားလာမည်ဖြစ်ကြောင်း၊ အတန်းပညာများ တက်မြောက်စေရေး ပညာရေးကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ယခုစီမံကိန်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးထားနိုင်သည်ကို တွေ့ရှိရသည့်အတွက်လည်း ဝမ်းမြောက်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင်လည်း ယခုကဲ့သို့သော စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း၊ လိုအပ်သည့် အကူအညီများကို နိုင်ငံတော်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံတစ်ဝန်း မွေးမြူနိုင်ရေးအတွက်လည်း သုတေသနပြု ဆောင်ရွက်ကြစေလိုကြောင်း၊ မွေးမြူရေး ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပါက တိုင်းပြည်အတွက် ပြည်ပဝင်ငွေများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပို့ကုန်များကိုတင်ပို့ရာတွင် ကုန်ကြမ်းပစ္စည်းများကို တင်ပို့ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ တင်ပို့နိုင်ပါက ပိုမို အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် အရင်းအနှီး၊ လူသားအရင်းအမြစ်နှင့် နည်းပညာများလိုအပ်ကြောင်း၊ အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်၍ ရှိပြီးဖြစ်သည့် အခြေခံအရင်းအမြစ်များကို အသုံးချ ဆောင်ရွက်သွားကြမည်ဆိုပါက နိုင်ငံသည် များစွာဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်စေရေးအတွက်လည်း ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် နိုင်ငံတော်မှလည်း တတ်နိုင်သည့်ဘက်မှ ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကံကော်ပင်ကို အမှတ်တရ စိုက်ပျိုးပေးပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) တို့က အမှတ်တရသစ်ပင်များကို စိုက်ပျိုးပေးကြသည်။

 

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် မြန်မာ့မျိုးရင်း ငါးသားပေါက်များ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးသည်။ 

 

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Smart Hatchery & Nursery ငါးသားဖောက်စခန်းသို့ ရောက်ရှိပြီး လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။ အဆိုပါ ငါးမျိုးဥများသည် ၂၄ နာရီအတွင်း ငါးသားပေါက်များ အဖြစ်သို့ ရောက်ရှိမည်ဖြစ်ကာ သက်တမ်းအလိုက် လှောင်ကန်အဆင့်ဆင့်သို့ လုပ်ငန်းစဉ်အလိုက် ဆက်လက်မွေးမြူသွားမည်ဖြစ်သည်။ 

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် Biomass Power Plant စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မှုနှင့် လျှပ်စစ်ဓာတ်အားကို အဆင့်မီလျှင်မြန်စွာ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထုတ်လုပ်နိုင်မှု၊ ငါးအစာတောင့် စက်ရုံတည်ဆောက် နေမှု၊ Circular Tank များဖြင့် အဆင့်မြင့် ငါးအသားတိုးမွေးမြူထားရှိမှု၊ မြေသားကန်ဖြင့် အဆင့်မီ ငါးအသားတိုးမွေးမြူထားရှိမှု၊ ခေတ်မီနည်းပညာအသုံးပြု၍ အစာကျွေးမွေးမှုနှင့် ဆိုလာစနစ်သုံး၍ ရေတင်ဆောင်ရွက်နေမှု၊ ငါးဖမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေထွက်ကုန်လုပ်ငန်းဌာန၊ နိုင်ငံတကာဈေးကွက် ရောင်းချလျက်ရှိသည့် ငါးအဆင့်မြင့်ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှုနှင့် အအေးခန်းစက်ရုံ တည်ဆောက်နေမှုတို့ကို စိတ်ဝင်တစားဖြင့် ကဏ္ဍတစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုခဲ့ရာ Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌနှင့် လုပ်ငန်းအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။

 

အဆိုပါ Global Earth Agro & Aqua Industry Public Co., Ltd သည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မိုးကုတ်ဒီးဒုတ် ကွင်းအတွင်း၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သိပ္ပံနည်းကျ အဆင့်မြင့်ခေတ်မီ ငါးသားဖောက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ငါးမွေးမြူခြင်း၊ ကုန်ချောပြုပြင် ထုတ်လုပ်ခြင်း၊ ငါးပေါင်းမှုန့်နှင့် အစာတောင့် ထုတ်လုပ်ခြင်းတို့ပါဝင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်ပြီး ယခုအခါ သိပ္ပံနည်းကျဖြင့် ငါးတန်အထီး၊ အမ (Breeders) တစ်သိန်းနှစ်သောင်းကို ပြုစုထားရှိကာ နေ့စဉ်ငါးသားပေါက်(ငါးမှုန်)ကောင်ရေ သိန်း ၄၀ ကို ထုတ်လုပ်လျက်ရှိသည်။ လက်ရှိအချိန်တွင် ငါးသန်/ငါးဖြန်း ကောင်ရေ သိန်း ၂၅၀ ခန့်နှင့် အသားတိုးငါး ကောင်ရေ သိန်း ၂၅၀ ခန့်အား မွေးမြူထားရှိပြီး စီမံကိန်းတစ်ခုလုံး ပြီးစီးပါက မြန်မာ့ရေလုပ်ငန်းစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသအတွင်းရှိ တစ်ဦးချင်းစီ၏ ဝင်ငွေများလည်း တိုးတက်လာနိုင်မည်ဖြစ်၍ ပြည်ပမှ ရေထွက်ပစ္စည်း အစားအသောက် တင်သွင်းခြင်းမှ ကုန်ကျလျက်ရှိသည့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း သက်သာစေနိုင်မည် ဖြစ်မည်ဖြစ်ကာ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် နိုင်ငံ့စီးပွားရေး ကဏ္ဍသည်လည်း ပြောင်းလဲတိုးတက်လာမည်ဖြစ်သည်။ အဆိုပါ သိပ္ပံနည်းကျအဆင့်မြင့် ခေတ်မီငါးမွေးမြူထုတ်လုပ်ခြင်း စီမံကိန်းကြီးသည် ငါးသားပေါက် မွေးမြူသည်မှ ငါးအဆင့်မြင့်ကုန်ချောများ ရရှိသည်အထိ ပါဝင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်သဖြင့် လူဦးရေအမြောက်အမြားကို အလုပ်အကိုင်အခွင့်များ ဖော်ဆောင်ပေးနိုင်မည်ဖြစ် သကဲ့သို့ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအကျိုးဖြစ်ပေါ်စေ နိုင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။  

 

သတင်းစဉ်