မြန်မာနိုင်ငံသည် ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းများနှင့် ကုန်းတွင်းပိုင်းတွင် ရေချိုမြစ်ချောင်း အင်းအိုင်များလည်း အများအပြားရှိသည့်အလျောက် ရေချိုရေငန် ငါးပုစွန် ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ ပေါများကြွယ်ဝသလို ပြည်တွင်း ငါးစားသုံးမှုမှာလည်း မြင့်မားသည်။ အာဆီယံ နိုင်ငံများအနက် ငါးစားသုံးမှု ဒုတိယအမြင့်မားဆုံး နိုင်ငံဖြစ်ပြီး ပြည်တွင်းစားသုံးမှုတွင်  အသားထက် ငါးစားသုံးမှုက ပိုမိုများပြားကြောင်း စစ်တမ်းများတွင် တွေ့ရှိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့ငါးမွေးမြူထုတ်လုပ်သည့် နိုင်ငံများတွင် မြန်မာ နိုင်ငံသည် အဆင့်   (၈)   နေရာတွင် ရပ်တည်လျက်ရှိ ကြောင်း၊ နှစ်အလိုက် ငါးထုတ်လုပ်မှုတွင် ၂၀၁၆-၂၀၁၇ ခုနှစ် က မက်ထရစ်တန်ချိန်   ၃  သန်း၊   ၂၀၁၇-၂၀၁၈   ခုနှစ်က မက်ထရစ်တန်ချိန် ၅ ဒသမ ၈၇ သန်း၊ ၂၀၁၈-၂၀၁၉   ခုနှစ်က မက်ထရစ်တန်ချိန် ၃ ဒသမ ၅၄ သန်း ထုတ်လုပ်ခဲ့ကြောင်း  သိရသည်။  ထို့အပြင်  မြန်မာနိုင်ငံ ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းကို ငါးလုပ်ငန်းကဏ္ဍက အထောက်အကူပြု ဖြည့်ဆည်းပေးလျက် ရှိကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ၏ ပြည်ပသို့ ငါးတင်ပို့ မှုမှာ ထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်သာရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ဝန်းကျင်ခန့်ဖြစ်ရာ ငါးလုပ်ငန်း ကဏ္ဍတွင် အခွင့်အလမ်းများစွာနှင့်အတူ ကြိုးပမ်းဆောင်ရွက် ဖွယ်ရာ အများအပြားရှိနေကြောင်း ကျွမ်းကျင်သူများက ပြောကြားကြသည်။

၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် ကမ္ဘာသို့ စတင်ပြန့်ပွားလာသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတို့၏ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးခဲ့ရာတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပြီး ပြည်တွင်းငါးဈေးကွက်နှင့် ငါးစားသုံး မှုများလည်းထိခိုက်ခဲ့ရသည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျလာသည်နှင့်အမျှ သားငါးထုတ်လုပ်မှုနှင့် စားသုံးမှု လိုအပ်ချက်များ ပြန်လည်မြင့်မားလာသော်လည်း ကမ္ဘာ့အခြေအနေအရပ်ရပ်အရ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုက သားငါးကဏ္ဍထုတ်လုပ်မှုအပေါ်တွင် သက်ရောက်မှုများစွာရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ရေချိုရေငန် ငါးပုစွန်ထုတ်လုပ်မှု လုပ်ငန်းများအနေဖြင့် ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင်ရော၊ နည်းပညာအပိုင်းတွင်ပါ ပိုမိုရင်းနှီး မြှုပ်နှံမြှင့်တင်သွားရမည်ဖြစ်သကဲ့သို့ မိရိုးဖလာစားသုံးမှု ပုံစံများဖြစ်သည့် ငါးပုစွန်အစို၊ ငါးပိ၊ ငါးခြောက်၊ ငါးဆားနယ် စသည်တို့သာမက ငါးအသားလွှာ၊ ငါးအသားချောင်း၊ ငါးဆုပ်လုံး အစရှိသည့် အသင့်ချက် ငါးပုစွန်ကုန်ချောများကို ထုတ်လုပ်ပြီး ငါးလုပ်ငန်းကဏ္ဍကို မြင့်မားအောင် မြှင့်တင်သွားရန် နိုင်ငံတော်၏ ကူညီဖြည့်ဆည်းအားပေးမှုများနှင့် လုပ်ငန်းရှင်များ၊ တောင်သူများ၏ ကြိုးပမ်းအားထုတ်မှုများ ဖြင့် ပေါင်းစပ်လုပ်ကိုင်သွားဖို့လိုသည်။

ငါးပုစွန် မွေးမြူထုတ်လုပ်ရေးအတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ငါးလုပ်ငန်းဆိုင်ရာသိပ္ပံအဖြစ် ဖွင့်လှစ်ပေးခဲ့ပြီး ပညာသင်နှစ်နှင့် အကျိုးရလဒ်အပေါ်မူတည်၍ အဆင့်မြင့်ပညာများ ဆက်လက်သင်ယူဆည်းပူးနိုင်မည့် ကောလိပ်အဖြစ် မြှင့်တင်ပေးသွားမည်ဖြစ်ရာ နိုင်ငံ့စီးပွားရေးတွင် အရေးပါသည့် ငါးလုပ်ငန်းကဏ္ဍအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာတော့မည်ဖြစ်ပါကြောင်း။ 

မြန်မာ့အလင်း