နေပြည်တော် ဖေဖော်ဝါရီ ၇
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည် အရှေ့အာရှအက်စစ်ဖြစ်ထွန်းမှုစောင့်ကြည့်တိုင်းတာရေးကွန်ရက် (Acid Deposition Monitoring Network in East Asia- EANET) အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ပြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ မြို့ကြီး(၄၁)မြို့ရှိ မိုးလေဝသနှင့်ဇလဗေဒစခန်း (၄၁) ခု (ပုံ-၁)တွင် ရွာသွန်းသောမိုးရေများကိုစုဆောင်းကာ မိုးရေတွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေကို သိရှိရန် မိုးရေ၏ pH တန်ဖိုးများ တိုင်းတာခြင်းလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရွာသွန်းခဲ့သော မိုးရေများ၏ pH တန်ဖိုးနှင့် မိုးရေ၏ Electric Conductivity - EC များကို တိုင်းတာသည့် စခန်း(၄၁)ခုအနက် ကော့သောင်းစခန်းတွင်သာ မိုးရွာသွန်းခဲ့ပြီး၊ ကျန်စခန်းများတွင် မိုးရွာသွန်းခဲ့ခြင်း မရှိဘဲ ကော့သောင်းစခန်းတွင် ရွာသွန်းခဲ့သောမိုးရေ၏ pH တန်ဖိုး သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ စံသတ်မှတ်ထားသည့် သောက်သုံးရေအတွက် pH တန်ဖိုး (6.5 – 8.5) အတွင်းတွင်ရှိကြောင်း တိုင်းတာရရှိခဲ့သည်။
မိုးရေ၏ pH တန်ဖိုးသည် 5.6 အောက်ရောက်ရှိမှသာ အက်စစ်ဂုဏ်သတ္တိရှိသောကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မိုးရေနမူနာတိုင်းတာရရှိခဲ့သည့် ကော့သောင်းစခန်း၌ ရွာသွန်းခဲ့သော မိုးရေ တွင် အက်စစ်ဖြစ်ထွန်းမှုအခြေအနေမရှိကြောင်း တွေ့ရှိရသည်။