ရန်ကုန် ဖေဖော်ဝါရီ ၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ကော်ပိုရေးရှင်း(ရုံးချုပ်)အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေမှုနှင့် ဓာတ်အားဆုံးရှုံးမှု ကျဆင်းရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအလိုက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေနှင့် လာမည့်နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ ဘဏ္ဍာရေးတာဝန်ခံ အထွေထွေမန်နေဂျာနှင့် မန်နေဂျာများမှ ဘဏ္ဍာရေးဆိုင်ရာ ကောက်ခံမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးနှင့်ပတ်သက်၍ အထူးဂရုပြု ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ရန် စုဆောင်းထားရှိသည့်ရေများဖြင့် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အား ပိုမိုထုတ်လုပ်ပေးလျက်ရှိကြောင်း၊ လာမည့် နွေရာသီကာလအထိ စဉ်ဆက်မပြတ် ဆက်လက် ထုတ်လုပ်ပေးနိုင်ရန် စီမံဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ထပ်မံဖြည့်ဆည်းပေးနိုင်ရန်လည်း ရေ အား၊ လေအား စက်ရုံများကိုလည်း တိုးချဲ့တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ထိုက်သင့်သည့် တည်ဆောက်ချိန်ကာလနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်း ဆိုင်ရာများကို တွက်ချက်လျက်ရှိကြောင်း။
လာမည့် ၂၀၂၅ ခုနှစ်တွင် ဓာတ်အားလိုအပ်ချက်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ ပြည်ထောင်စုရန်ပုံငွေဆိုင်ရာ ရငွေစာရင်း များတွင် မိမိတို့ရည်မှန်းထားသည့်အတိုင်း ရရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် နိုင်ငံတော် မှ စိုက်ထုတ်သုံးစွဲနေရမှုများကို လျော့ကျစေရန် တစ်ယူနစ်ထုတ်လုပ်မှု ကျဆင်းရေး အရင်း အမြစ်မျိုးစုံမှ ထုတ်လုပ်ရန် စီမံဆောင်ရွက်နေသကဲ့သို့ Losses ကျဆင်းရေးကိုလည်း ဆောင် ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ မြို့နယ်များအလိုက် ရှုပ်ထွေးဆားဗစ်များ ရှင်းလင်းရေး ကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ Losses ကျဆင်းရေး Non Technical Losses ပိုင်းတွင် စနစ်တကျ ငွေသွင်းငွေထုတ်ပြုလုပ်၍ နေစဉ်ကောက်ခံရငွေများကို တာဝန်ရှိသူများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တစ်ဦးချင်း/အဖွဲ့အစည်းများမှ တပိုင်တနိုင် ထုတ်လုပ်နေသည့် Roof Top Solar များနှင့် Ground Mounted Solar များမှ ၎င်းတို့ အသုံးမပြုသည့် အချိန်များတွင် ဝယ်ယူနိုင်ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြု ပြသမည့် ပြခန်း ပြင်ဆင်ဆောင်ရွက်နေမှု၊ ပြခန်းအတွင်း ခင်းကျင်းပြသမည့် ရေအားလျှပ်စစ်စီမံကိန်း ပုံစံ ငယ်များ၊ ဓာတ်အားပေးစက်ရုံပုံစံငယ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံပုံစံငယ်များ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်