ဖြူး ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် နေကြာဧက (၈၀၀၀)ကျော် စိုက်ပျိုးနိုင်ရေး လျာထားကြောင်းနှင့် ပင်ကြားတန်းကြား စိုက်ပျိုးနည်း၊ သီးသန့်စိုက်ပျိုးနည်းများဖြင့် စိုက်ပျိုးနေကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ယခုနှစ်တွင် ကျေးရွာအုပ်စု (၄၈)အုပ်စု၌ ဆောင်းနေကြာစိုက်ပျိုးထားမှုမှာ မိုးစပါးစိုက်ပျိုးအပြီး ဆောင်းသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းပဲများနှင့်ရော၍ ပင်ကြားတန်းကြား စိုက်ပျိုးမှု (၇၇၁၃)ဧက၊ သီးသန့်စိုက်ပျိုးမှု (၄၀၈)ဧက စိုက်ပျိုးထားခဲ့ရာ ယခင်နှစ်များထက် စိုက်ပျိုးမှုပိုကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးမှုထက် မတ်ပဲ၊ ပဲတီစိမ်းပဲနှင့် ပင်ကြားတန်းကြား စိုက်ပျိုးမှုပိုမိုစိုက်ပျိုးကြပြီး သီးသန့်စိုက်ပျိုးရာမှာ တစ်ဧက တင်း(၄၀)ခန့်ထွက်ရှိကြောင်း၊ ဆီ(၁၀)ပုံး ရရှိသည့်အတွက် (၁၅)သိန်းဝင်ငွေရကြောင်း၊ မတ်ပဲ၊ ပဲတီစိမ်းပဲနှင့် ပင်ကြားတန်းကြား စိုက်ပျိုးရာတွင် ပဲ၊ နေကြာ နှစ်မျိုးရခြင်းကြောင့် ဝင်ငွေနှစ်မျိုးရကြောင်း သိရသည်။
ယခင်နှစ် ဆောင်းနေကြာစိုက်ပျိုးရာ၌ ရာသီဥတုကြောင့် မျိုးစေ့ကြဲပြီး မိုးရွာမှုကြောင့် မျိုးစေ့အကုန်မပေါက်ခြင်း၊ အပင်ကြီးထွားမှုနည်းခြင်း၊ အထွက်နှုန်းနည်းခြင်း ကြုံခဲ့ရပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းနိုင်ကြောင်းနှင့် နေကြာစိုက်တောင်သူများအနေဖြင့် နေကြာဆီကြိတ်ပြီး အိမ်အတွက် စားတန်စား၊ ဆီထွက်သီးနှံများထဲတွင် မြေပဲ၊ နှမ်းဆီများထက် နေကြာဆီမှာ ဈေးအနိမ့်ဆုံးဖြစ်သော်လည်း လဲစားခြင်းများရှိကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။
ဒေသအတွင်းဆီဖူလုံရေး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်လျက်ရှိရာ နေကြာစိုက်ပျိုးမှု အထွက်နှုန်းတိုးရေး ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးခင်မောင်ဆွေက ပြောကြားရာတွင် "အဓိက မျိုးကောင်း၊ မျိုးသန့် စိုက်ပျိုးဖို့လိုပါတယ်။ အဲ့ဒီလို မျိုးကောင်း မျိုးသန့် စိုက်ပျိုးရာမှာ တစ်ဧက အထွက်နှုန်းကောင်းတဲ့ ဆင်းရွှေကြာ၊ ရေဆင်း-၁ စပ်မျိုးနေကြာပျိုးတွေ ရွေးချယ်စိုက်ပျိူးရပါတယ်။ စိုက်ပျိုးတဲ့အခါမှာ အစိုဓါတ်ကိုမီအောင် ထွန်ရေးနက်နက်နဲ့ ညက်ညက်စိုက်ပျိုးရပါမယ်၊ တစ်ပေခွဲ ကိုးလက်မ တန်းကြား ပင်ကြား စိုက်ပျိုးကြပါတယ်။ အတန်းလိုက်စနစ်နဲ့ စိုက်ပျိုးတဲ့အခါမှာ လေဝင်လေထွက်ကောင်းမွန်ပြီးတော့ ပိုးမွှားရောဂါတွေလဲ ကင်းရှင်းစေပါတယ်။ အဆင့်ဆင့်ပေါ့ ဒီလိုပဲ နေကြာစိုက်တောင်သူတွေကို စိုက်ပျိုးနည်းပညာများပေးခြင်း၊ မျိုးစေ့ထောက်ပံ့ခြင်းတွေ ဆောင်ရွက်ပေးပါတယ်” ဟု ပြောသည်။
နေကြာဆီထွက်သီးနှံမှာ အခြားဆီထွက် သီးနှံများထက် ဝင်ငွေရရှိမှုနည်းသော်လည်း ပြုပြင်ရလွယ်ကူခြင်း ဆောင်းပဲသီးနှံများနှင့်တွဲ၍ စိုက်ပျိုးနိုင်ခြင်း စသည့်အားသာချက်များရှိပြီး ဖြူးမြို့အတွင်း နေကြာစိုက်ပျိုးခင်းများမှာ ရိတ်သိမ်းချိန်ကာလကို နီးလာပြီဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)