မင်းဘူး ဖေဖော်ဝါရီ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက စကုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်က ကျောင်းသားလူငယ်လေးများအား အားလပ်သည့် အချိန်များနှင့် နွေရာသီကျောင်းပိတ်ချိန်များတွင် ပြင်ပစာပေများ ဖတ်ရှုလေ့လာကြစေလိုကြောင်းနှင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက လူငယ်များအတွက် အားကစားက အရေးပါပုံကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ကြည်က ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်သည့်ရက်စွဲ၊ သုံးစွဲပုံ၊ သုံးစွဲနည်း ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများနှင့် ဓာတ်မတည့်သည့် ဖော်ပြချက်များ ပါ/မပါကို လည်းကောင်း ရှင်းလင်းပြောကြားပြီး Grade-11 နှင့် Grade -10 မှ ကျောင်းသား၊ ကျောင်းသူလေးများ ဖြစ်ကြသော မဆုရည်က လူငယ်နှင့် စာပေ၊ မောင်သူရဇော်က လူငယ်နှင့် အားကစား၊ မဖြူဖြူကျော်က လူငယ်နှင့် ကျန်းမာရေး၊ မောင်ဖိုးကျော်က လူငယ်နှင့် မူးယစ်ဆေး ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းက အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးတိုးနိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများက ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)