မောက်မယ် ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းတတ်စေရန်နှင့် လူငယ်များ စာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းကို ဖေဖော်ဝါရီ ၁၀ ရက်က အခြေခံပညာအလယ်တန်းကျောင်း(နမ့်လွတ်) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(နမ့်လွတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရည်လင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ပြီးနောက်“လူငယ်စကားဝိုင်း” စတင်ကျင်းပခဲ့သည်။
“လူငယ်စကားဝိုင်း”တွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ကျောင်းသား၊ ကျောင်းသူ (၄)ဦးက ဆောင်ရွက်ကာ Grade-7မှ စိုင်းဟန်လှိုင်းက လူငယ်နှင့်ပညာရေး၊ Grade-9မှ နန်းမွမ်းခမ်းက လူငယ်နှင့်အနာဂတ်၊ Grade-9မှ နန်းရွက်ငင်း က လူငယ်နှင့်ကျန်းမာရေး၊ Grade-9မှ နန်းစင်ဟိန်း က လူငယ်နှင့်ရည်မှန်းချက် စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြပြီး ဆွေးနွေးချက်များ အပေါ်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုပြန်လည်၍ မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ(၄)ဦးက သက်ဆိုင်ရာကဏ္ဍအ လိုက် ပြန်လည်ဖြေကြားခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)