နေပြည်တော် ဖေဖော်ဝါရီ ၁၁
ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများသည် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့မှုအပေါ်များစွာအခြေခံသည့်အတွက် ကျေးလက်နေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုသည် အဓိကအရေးကြီးကြောင်း ၊ စိုက်ပျိုးမွေးမြူရေး ဆိုင်ရာလုပ်ငန်းထုတ်ကုန်များ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန် ရာသီမရွေးသွားလာနိုင်သည့် လမ်းများလိုအပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာ၌ ကျင်းပသည့် ကွန်ကရစ်လမ်းသစ်ဖွင့် ပွဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်အစိုးရအနေဖြင့် ရည်မှန်းချက်များ၊ မဟာဗျူဟာများရေးဆွဲချမှတ်ပြီး ကျေးလက်လမ်းတံတား ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ယက်များ ဖွံ့ဖြိုးစေရေး သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာများအားလုံး ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းတံတားများအဖြစ်ရည်မှန်း၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာစီမံချက်နှင့်ရင်းနှီး မြှုပ်နှံမှုအစီအစဉ် (၂၀၁၇-၂၀၃၀)ကို ရေးဆွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိကြောင်း။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကွန်ကရစ် လမ်း ၆ မိုင်၊ ကတ္တရာလမ်း ၂ မိုင် ၅ ဖာလုံ၊ ကျောက်ချောလမ်း ၄ ဖာလုံ၊ ဂဝံ/ဂျင်းလမ်း ၄ မိုင် စုစုပေါင်းကျေးလက်လမ်း ၁၃ မိုင်နှင့် ကွန်ကရစ်တံတားနှင့် ကြိုးတံတား ၁၅ စင်း၊ Box Culvert ၂၆ စင်း၊ စုစုပေါင်း ကျေးလက် တံတား(၄၁)စင်းကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌ ဦးတင်ဦးလွင် က မှတ်တမ်းတင်ဂုဏ်ပြု စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌနှင့် နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး တို့က မင်းကုန်းကျေးရွာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကွန်ကရစ်လမ်းသစ်ကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာနေပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်