မြေပုံ၊ ဖေဖော်ဝါရီ ၁၂
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသော ချောင်ကျကျေးရွာ အသေးစားဓါတ်အားပေးစနစ် Solar Mini Grid မီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေအား ဖေဖော်ဝါရီ ၁၁ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မြေပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်လှမြင့်နှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာမီးလင်းရေး ကော်မတီဝင်များက Mega Global Green Automation ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ချောင်ကျကျေးရွာ အသေးစားဓါတ်အားပေးစနစ် Solar Mini Grid မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် လျှပ်စစ်မီးဖြန့်ဖြူးနေအမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး မြေပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်လှမြင့်က မီးလင်းရေးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်စေရေး စနစ်တကျဆောင်ရွက်သွားရန်နှင့် ကျေးရွာတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ အသေးစားဓါတ်အားပေးစနစ် Solar Mini Grid မီးလင်းရေးလုပ်ငန်းကို တင်ဒါအောင်မြင်သော Mega Global Green Automation ကုမ္ပဏီမှ အိန္ဒိယအထောက်ပံ့ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် အိမ်ခြေ ၇၂ အိမ်အား လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး လူဦးရေ ၂၉၇ ဦးအား အကျိုးပြုလျက်ရှိကြောင်းနှင့် ကျေးရွာရှိ အသေးစား၊ အလတ်စား စီးပွါးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ကိုသန်း