တနင်္သာရီ ဖေဖေါ်ဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်း(၁၂)ခုကို စက်တင်ဘာလ တတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ကျေးရွာ(၁၂)ရွာအနက် ကျေးရွာ(၁၁)ရွာတွင် စီမံကိန်းလုပ်ငန်း (၁၁)ခုတို့မှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သူဇာမိုးက ပြောသည်။

တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ(၁)ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် (၁၀)သန်းနှုန်းဖြင့် ကျေးရွာ (၁၂)ရွာ စုစုပေါင်းရန်ပုံငွေ ကျပ်(၁၂၀)သန်းနှင့် ပြည်သူထည့်ဝင်ငွေ ကျပ်(၁၈ ဒသမ ၇၉)သန်းတို့ဖြင့် သာရဖုံ(ရ)၊ သိန်ခွန်း၊ လယ်တောင်ယာ၊ ကျွဲထိန်းကုန်း၊ ခြောက်မိုင်၊ မြေမအုံ၊ ဆန်းသစ်၊ ရေဖြူ၊ ကမ္ပလိုင်း၊ ချောင်းလမု၊ ဘန်းလမွန်း၊ သဲဖြူ စသည့်ကျေးရွာ (၁၂)ရွာတို့တွင် လမ်းအရှည်ပေ(၂၉၇၆)ရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၆)ခု၊ လမ်းအရှည်ပေ (၃၅၇၄ ပေ × ၁၂ ပေ × ၉ လက်မ)ရှိ မြေသားလမ်းခင်းခြင်းလုပ်ငန်း (၂)ခု၊ ကျေးရွာရေပေးရေးလုပ်ငန်း (၃)ခုတွင် ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း (၁၅ ပေ × ၁၀ ပေ × ၆ ပေ) လုပ်ငန်း(၂)ခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်း (၄၁၈၀)ပေနှင့် သဲဖြူကျေးရွာတွင် ကျေးရွာသုံးခန်းမ စသည့်လုပ်ငန်း (၁၂)ခုတို့ကို စက်တင်ဘာလ တတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါကျေးရွာ (၁၁)ရွာမှ လုပ်ငန်း(၁၁)ခုတို့မှာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးကြောင်းနှင့် သဲဖြူကျေးရွာရှိ ကျေးရွာသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း (၁)ခုမှာ (၈၀)ရာခိုင်နှုန်းခန့် ပြီးစီးကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေနဲ့ ကျေးရွာတစ်ရွာကို ငွေကျပ်(၁၀)သန်းနှုန်း စုစုပေါင်းရန်ပုံငွေကျပ် (၁၂၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၁၈ ဒသမ ၇၉)သန်းတို့နဲ့ မြို့နယ်အတွင်းက ကျေးရွာပေါင်း (၁၂)ရွာမှာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်း (၁၂)ခုကို စက်တင်ဘာ လတတိယပတ်က စတင်ခဲ့ပါတယ်။ ကျွန်မတို့ဌာနကတော့ လုပ်ငန်းနှင့်ပတ်သက်၍ နည်းပညာအပိုင်းကို ကြီးကြပ်ပေးပြီး ကျေးရွာနေပြည်သူများက လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်တာပါ။ ကျေးရွာ(၁၂)ရွာမှာ လုပ်ငန်း(၁၂)ခုအနက် ယခုလက်ရှိမှာတော့ ကျေးရွာ (၁၁)ရွာမှာ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်တဲ့ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၆)ခု၊ မြေသားလမ်းခင်းလုပ်ငန်း (၂)ခုနဲ့ ရေရရှိရေးလုပ်ငန်း (၃)ခု၊ ပေါင်းလုပ်ငန်း (၁၁)ခုကတော့ (၁၀၀)ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပါပြီ။ ကျန်တဲ့ သဲဖြူကျေးရွာမှာ ကျေးရွာသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း (၁)ခုကလည်း (၈၀) ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး ဖေဖေါ်ဝါရီလ တတိယပတ်မှာ အပြီးဆောင်ရွက်သွားပါမယ်” ဟု တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခေတ္တမြို့နယ် ဦးစီးမှူး ဒေါ်သူဇာမိုးက ပြောသည်။

အဆိုပါကျေးရွာ(၁၂)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)လုပ်ငန်းများ အားလုံးပြီးစီးပါက အဆိုပါကျေးရွာများရှိ အိမ်ခြေ (၂၈၃၅)၊ လူဦးရေ (၁၄၆၆၁)ဦးတို့အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)