မတ္တရာ ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံး လက်အောက်ရှိ အောင်မြေသာဇံခရိုင်၊ မတ္တရာမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ ပွင့်လင်းရာသီကာလ၌ မြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ုနှင့် ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၈ နာရီက ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။
လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြောက်ပြင် ပင်မဓာတ်အားခွဲရုံမှ မတ္တရာမြို့နယ်သို့ လျှပ်စစ်ဓာတ်အား သွယ်တန်းရယူထားသော ၃၃ ကေဗွီ ဒင်္ဂါးချောင်း ဓာတ်အားလိုင်း(၁)ရှိ (၂)ဆင့် Pin Insulator များအား (၃)ဆင့် Pin Insulator များဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်းများ ပြုလုပ်ဆောင်ရွက်ကာ ဓာတ်အားလိုင်းကြိုးများ လျော့ကျမှုမဖြစ်စေရေး ကြပ်မတ်စစ်ဆေးပြီး စနစ်တကျ ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မတ္တရာမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိသုံးစွဲနိုင်ရန်၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြတ်တောက်မှုများ မဖြစ်စေရန်အတွက် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားသွယ်တန်းရယူထားသော ၃၃ ကေ ဗွီ ဒင်္ဂါးချောင်း ဓာတ်အားလိုင်းအပါအဝင် မြို့တွင်း ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းများတစ်လျှောက် ကွင်းဆင်းစစ်ဆေးပြီး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲရာ၌ အန္တရာယ်မဖြစ်စေရေးအတွက် စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန် အသိပညာပေး ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခု ထိန်းသိမ်းပြုပြင်ဆောင်ရွက်သည့် ၃၃ ကေဗွီ ဒင်္ဂါးချောင်း ဓာတ်အားလိုင်း(၁) တစ်လျှောက် လဲလှယ်တပ်ဆင်ရန်ကျန်ရှိသည်များကို (၃)ဆင့် Pin Insulator အလုံးရေ ၆၀ ဖြင့် အစားထိုး လဲလှယ်တပ်ဆင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးဝင်းထိန်ထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)