ဖေဖော်ဝါရီ ၁၃

နယူးဇီလန်နိုင်ငံ၏ကျွန်းမြောက်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း ဂါဘီလီစတင်တိုက်ခတ်သဖြင့် ယနေ့တွင်  နိုင်ငံအရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အရပ်ဘက်ကာကွယ်ရေးဌာနက နိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သော အော့ကလန်နှင့် မြောက်ပိုင်းဒေသများ ရှိပြည်သူများအား ဒီရေအတက် အကျမြင့်မားကာ ရေကြီးရေလျှံမှုအန္တရာယ်မြင့်မားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

မိုးလေဝသကြိုတင်ခန့်မှန်းချက်အရ လာမည့်နာရီပေါင်း ၂၀ အတွင်း လေပြင်းတိုက်နှုန်းသည် တစ်နာရီလျှင် ကီလိုမီတာ ၁၃၀နှင့် မိုးရေချိန် မီလီမီတာ ၄၀၀ ရှိနိုင်သည်ဟု သိရသည်။

အော့ကလန်မြို့တွင် ပြည်တွင်းလေကြောင်းအဝင်၊ အထွက်ခရီးစဉ်များကို ယမန်နေ့ကဖျက်သိမ်းခဲ့ပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်များကိုလည်း ဖျက်သိမ်းထားသည်ဟု ဖော်ပြထားသည်။

ထိုဒေသရှိ စာသင်ကျောင်းများနှင့် ကလေးစောင့်ရှောက်ရေးစင်တာများ ပိတ်ထားခဲ့ပြီးအရေးပေါ်ယာယီ ကယ်ဆယ်ရေးစခန်းများနှင့် အရပ်ဘက်ကာကွယ်ရေးစင်တာများ ဖွင့်လှစ်ထားရှိကြောင်းအရပ်ဘက် ကာကွယ်ရေးဌာနက ပြောကြားသည်။

အစိုးရက ဒေသခံများအား  လာမည့်ရက်များအတွင်း ဘေးကင်းရာသို့ပြောင်းရွှေ့နိုင်ရေးအသင့်ပြင်ထားကြရန်၊ ၎င်းတို့၏နေအိမ်များအကာအကွယ်ဖြစ်စေရန် သဲအိတ်များပြင်ဆင်ကြရန်၊ အစားအစာနှင့်သောက်သုံးရေများသိုလှောင်ကြရန် တိုက်တွန်းပြောကြားထားသည်။

အော့ကလန်တစ်ဝန်း သဲအိတ်များနေရာချထားခြင်းကို ညတွင်းချင်းလုပ်ဆောင်ခဲ့ကြပြီး ဒေသခံများအနေဖြင့် ဆိုးရွားလာသောအခြေအနေများမှကာကွယ်ရန် ၎င်းတို့၏ကိုယ်ပိုင်သဲအိတ်များကြိုတင်ပြင်ဆင်ကြရန် တိုက်တွန်းထားသည်။

နိုင်ငံဝန်ကြီးချုပ် ချာရစ်ဟစ်ပ်ကင်စ်က  ပြည်သူများအား ရာသီဉတုဆိုးရွားမှုကိုသတိပေးပြောကြားထားပြီး နေအိမ်မှာပင်နေထိုင်ကြရန်နှင့် မလိုအပ်ဘဲခရီးသွားလာမှုမပြုလုပ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

အနီရောင်အဆင့်သတ်မှတ်ခြင်းသည် အဆိုးရွားဆုံးသောရာသီဉတုအတွက်သာဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို