မြင်းမူ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းစိုက်ပျိုးထားရှိသည့် ကုလားပဲစိုက်ခင်းများအနက် မြို့ပေါ်ရွှေစောလူးအင်းမှ ကုလားပဲခင်းများ စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာအခြားနေရာများထက် အထွက်နှုန်းပိုမိုရှိကြောင်း ပဲစိုက်တောင်သူများထံမှ သိရှိရသည်။
ရွှေစောလူးအင်းတွင်စိုက်ပျိုးသည့် ပဲခင်းများအနေဖြင့် မြေအောက်အစိုဓာတ်ရရှိခြင်းနှင့် တစ်သီးစားပုံစံမျိုးစိုက်ပျိုးခြင်းကြောင့် (၁)ဧကလျှင်တင်း(၃၀)ကျော်ထွက်ရှိကြောင်း၊ ကုန်းစိုက် (ကျီးတော) ဒေသများမှာ အစိုဓာတ်မရရှိခြင်းနှင့် (၂)သီးစားစိုက်ပျိုးမှုများကြောင့် (၁)ဧကလျှင် (၁၅)တင်းခန့်သာ ထွက်ရှိခြင်းဖြစ်ကြောင်း၊ တင်း(၃၀)ထွက်ရှိ၍ အမြတ်ငွေပိုမိုရရှိသော်လည်း (၁၅)တင်း ထွက်ရှိသည့်တိုင် ယခုနှစ်ဈေးနှုန်းကောင်း၍ အမြတ်ငွေရရှိကြောင်း၊ ကုလားပဲစိုက်ပျိုး ရာတွင် (၁)ဧကကုန်ကျစရိတ် အပြီးအစီး(၄)သိန်းခန့်ရှိကြောင်း၊ ယခုလက်ရှိဈေးကွက်အနေဖြင့် (၁)တင်းလျှင် ငွေကျပ်(၆၀၀၀၀)ရှိ၍ (၁၅)တင်းထွက်ရှိပါက အရင်းနှုတ်ပြီး(၅)သိန်းအမြတ်ရရှိကြောင်း၊ ပဲစိုက်တောင်သူ ဦးသိန်းတန်ထံမှ သိရှိရသည်။
မြို့နယ်အနေဖြင့် ကုလားပဲဧက (၁၃၂၂၂)ကိုစိုက်ပျိုးရန် လျှာထားဆောင်ရွက်ခဲ့သော်လည်း (၁၃၁၂၅)ဧကအထိ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် ဧက(၉၀၃)ကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံ တောင်သူများအနေဖြင့် ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းပိုမိုကောင်းမွန်သည့် ရေဆင်း (၈)နှင့် ရေဆင်း(၁၁)မျိုးကိုရွေးချယ်စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)