လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက်   နိုင်ငံတစ်ဝန်းလုံးတွင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝလွှမ်းခြုံနိုင်ရန် လိုအပ်သည်။ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေတွင် ဆူပူဆန္ဒပြမှုများ မရှိတော့သော်လည်း အကြမ်းဖက်သမားတို့၏ အကြမ်းဖက်သတ်ဖြတ်မှုများ၊ ဖောက်ခွဲဖျက်ဆီးမှုများ၊ ခြိမ်းခြောက်နှောင့်ယှက်မှုများ ရှိနေဆဲဖြစ်သည်။ အကြမ်းဖက် CRPH ၊ NUG နှင့် PDF တို့က ရွေးကောက်ပွဲမဖြစ်အောင်၊ အထမမြောက်အောင် သွေးရူးသွေးတန်း လိုက်လံဖျက်ဆီး နေရခြင်းက ၎င်းတို့အတွက် သေရေးရှင်ရေး ဖြစ်နေသောကြောင့် ဖြစ်သည်။

 

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃) တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က “မိမိတို့အနေဖြင့် ပြည်သူက ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မလွဲမသွေလျှောက်လှမ်းရမည်ဖြစ် သည့်အတွက် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ရမည်ဖြစ် ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) သည် ပြည်သူ လူထု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံအတည်ပြု ထားသည့် အခြေခံဥပဒေဖြစ်ပြီး မိမိတို့ တပ်မတော်သားများ လည်း မဲပေးခဲ့ကြောင်း၊ ၎င်းသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ခိုင်မာသည့် အာမခံချက်တစ်ခုဖြစ်ပြီး အကောင် အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိ ကြောင်း။ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်ဆောင်ပေးရန် တာဝန်ရှိပြီး ရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ရာ အကြမ်းဖက်အဖျက်သမားတို့မည်သို့ အကြမ်းဖက် နှောင့်ယှက် ဖျက်ဆီးစေကာမူ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာရမည်သာဖြစ်သည်။

 

ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားရေး၊ လမ်းပန်း ဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုတို့ကို နှောင့်ယှက် ဖျက်ဆီးခြင်းအားဖြင့် ဒေသတွင်း အခက်အခဲ၊ အကျပ် အတည်းများ ဖြစ်ပေါ်လာရေး၊ ဒေသခံပြည်သူလူထုများအတွင်း အကြောက်တရားဖြင့် လွှမ်းမိုးထားနိုင်ရေးတို့ အတွက် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုကို လိုလားသည့် အချို့သော EAO များသည် အများပြည်သူ အသုံးပြု သွားလာလျက်ရှိသော လမ်း၊ တံတား၊ ဘူတာရုံများကို ဖောက်ခွဲတိုက်ခိုက်မှုများ မဆင်မခြင် ပြုလုပ်လျက်ရှိသည်။ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ ညောင်လေးပင်ဘူတာရုံ အမှတ်(၁) စင်္ကြံပေါ်တွင် မိုင်းထောင်ဖောက်ခွဲမှုကြောင့် အပြစ်မဲ့ ခရီး သွား ပြည်သူများ သေဆုံးဒဏ်ရာရမှုများ ဖြစ်ခဲ့ရသည်။ ပြီးခဲ့ သည့် နှစ်နှစ်ကျော်ကာလအတွင်း မိမိတို့နိုင်ငံတွင် အကြမ်း ဖက်မှုပေါင်း သောင်းနှင့်ချီ၍ ဖြစ်ပွားခဲ့ပြီး ဝန်ထမ်းများ၊ ရဟန်းသံဃာများ၊ ကလေးသူငယ်များ၊ အရပ်သားများလည်း သောင်းနှင့်ချီ၍ သေဆုံး၊ ဒဏ်ရာရခဲ့ကြသည်။ လူသတ်မှုများ အပါအဝင် အကြမ်းဖက်မှုများစွာ ကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်အုပ်စုများစွာကို ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သကဲ့သို့ လက်နက်ခဲယမ်းမီးကျောက်ပမာဏ များစွာကိုလည်း သိမ်းဆည်းရမိနိုင်ခဲ့သည်။ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရာတွင် ပြည်သူများက တက်ကြွစွာ ပူးပေါင်းပါဝင် လာကြသည့်အလျောက် အကြမ်းဖက်မှုများ အလျင်အမြန် ချုပ်ငြိမ်းသွားကြမည်သာ ဖြစ်သည်။

 

လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ ဒီမိုကရေစီစနစ် အခိုင်အမာဖြစ်ထွန်းရေးတို့အတွက် အကြမ်းဖက်အဖျက်ဝါဒ ချုပ်ငြိမ်းရေးတွင် ပြည်သူအားလုံးက တစ်ခဲနက်ပါဝင်ကာ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဝိုင်းဝန်း တည်ဆောက်ကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း