မြိတ် ဖေဖော်ဝါရီ ၁၄

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုဖူလုံရေးရုံးနှင့် အကျုံးဝင်မှတ်ပုံတင်ထားသော Vantage ငါးအမှုန့်ကြိတ်စက်ရုံမှ အာမခံအလုပ်သမား(၃)ဦး လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့်များကို ၎င်းတို့၏ မိသားစုဝင်များထံ မြိတ်ခရိုင် လူမှုဖူလုံရေးရုံးမှ ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီက Vantage ငါးအမှုန့်ကြိတ်စက်ရုံတွင် ပေးအပ်ခဲ့သည်။

 

ငွေလုံးငွေရင်း အကျိုးခံစားခွင့်အနေဖြင့် အာမခံအလုပ်သမားများ လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့သည့် ဦးညီညီဇော်၏ ကျန်ရစ်သူ အကျိုးခံစာခွင့် ပျမ်းမျှလစာ၏ အဆ(၅၀)ဖြစ်သော (၇၂)သိန်းကျပ်ရရှိပြီး ဇနီးဖြစ်သူ ဒေါ်စိုးစိုးမော်က လည်းကောင်း၊ ဦးထွန်းဝိုင်းခက်၏ ကျန်ရစ်သူ အကျိုးခံစားခွင့် ပျမ်းမျှလစာ၏ အဆ(၃၀)ဖြစ်သော (၄၃)သိန်း (၂)သောင်းကျပ်ရရှိပြီး ဇနီးဖြစ်သူ ဒေါ်သင်းဇာခြည်က လည်းကောင်း၊ ဦးဝင်းစိုး၏ ကျန်ရစ်သူအကျိုးခံစားခွင့် ပျမ်းမျှလစာ၏ အဆ(၃၀)ဖြစ်သော   (၄၃)သိန်း (၂)သောင်းကျပ်ရရှိပြီး ဖခင်ဖြစ်သူ ဦးတင်ရွှေက လည်းကောင်း လူမှုဖူလုံရေးဥပဒေနှင့်အညီ ရရှိခဲ့ကြသည်။

 

လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့်များ ပေးအပ်ရာတွင် မြိတ်ခရိုင် လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဦးဇော်မြင့်သောင်းက အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးရခြင်းအကြောင်းနှင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို  ရှင်းလင်းပြောကြားပြီး အာမခံအလုပ်သမား(၃)ဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှု အကျိုးခံစားခွင့် စုစုပေါင်းကျပ်သိန်း (၁၅၀)ကျော်ကို ၎င်းတို့၏ မိသားစုဝင်များထံ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမင်းနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။ 

 

ခိုင်ထူး (ပြန်/ဆက်)