၁၃ ဖေဖော်ဝါရီ
ဒုတိယကမ္ဘာစစ်အတွင်းက ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းတွင် နစ်မြုပ်သွားခဲ့သည့် အမေရိကန် လေယာဉ်တင် သင်္ဘောတစ်စီးအား သုတေသနအဖွဲ့တစ်ဖွဲ့က ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း အန်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
ယူအက်စ်အက်စ် ဟောနက် အမည်ရှိ အဆိုပါလေယာဉ်တင်သင်္ဘောသည် စစ်အတွင်းက ဂျပန်ကျွန်းများပေါ်သို့ အမေရိကန်၏ ပထမဆုံးအကြိမ် လေကြောင်းစီးနင်းတိုက်ခိုက်မှုတွင် ပါဝင်ခဲ့ပြီး ဆော်လမွန် ကျွန်းအရှေ့ဘက် ၅၄၀ဝ မီတာ အနက်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ကွယ်လွန်သူ ပေါ်လ် အလန် မတည်ပေးထားသည့် သုတေသနအဖွဲ့ဟာ သင်္ဘောကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယူအက်စ်အက်စ် ဟောနက် ကို ပစိဖိတ် စစ်ပွဲမတိုင်ခင် ၁၉၄၁ ခုနှစ် အောက်တိုဘာတွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၁၉၄၂ ဧပြီလတွင် ဂျပန်ကျွန်းများအား အမေရိကန်၏ ပထမဆုံးလေကြောင်းတိုက်ခိုက်မှု၌ B-25 ဗုံးကြဲလေယာဉ်များသည် အဆိုပါ သင်္ဘောပေါ်မှ အတက်အဆင်း ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် မစ်ဝေးတိုက်ပွဲနှင့် ဆော်လမွန် ကျွန်းဆွယ် တိုက်ပွဲများတွင်လည်း ပါဝင်ခဲ့သည်။
ယူအက်စ်အက်စ် ဟောနက် သည် ၁၉၄၂ အောက်တိုဘာတွင် ဂျပန်လေတပ်၏ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပြီး ဂျပန်ဖျက်သင်္ဘောများက တိုပီဒိုပစ်များဖြင့် ပတ်ခတ်မှုကြောင့် နစ်မြုပ်သွားခဲ့သည်။ ယူအက်စ်အက်စ် ဟောနက် သည် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က နှစ်မြှုပ်ဖျက်ဆီးခဲ့သည့် အမေရိကန် ရေတပ် လေယာဉ်တင် သင်္ဘောဖြစ်သည်။
ယခုပြန်လည်ရှာဖွေခြင်းသည် ဒုတိယကမ္ဘာစစ်အတွင်း အဆိုပါ သင်္ဘောပေါ်၌ တာဝန်ထမ်းဆောင်ခဲ့ကာ အသက်စွန့်ခဲ့ကြသူများအား အမှတ်ရစေလိမ့်မည်ဟု ယုံကြည်ကြောင်း၊ လူမသိသေးသည့် အချက်အလက်များကို ဖော်ထုတ်ကာ အတိတ်ကသင်ခန်းစာများကို သင်ယူနိုင်မည်ဖြစ်ကြောင်းနှင့် သမိုင်းသက်သေဖြစ်ကြောင်း ရှာဖွေရေးအဖွဲ့ခေါင်းဆောင် ရောဘတ် ခရပ်ဖ် ကပြောသည်။
SMZaw( MDN)
Source> NHK