ကျေးသီး ဖေဖော်ဝါရီ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မုန့်လုပ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မိုင်းနန်းကျေးရွာ အုပ်စု၊ မိုင်းနန်းကျေးရွာ၌ ကျင်းပခဲ့သည်။
ပထမဦးစွာ ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က သင်တန်းမှ သင်ကြားပေးသော အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတစ်ခုအဖြစ် အကျိုးရှိရှိအသုံးချရန် ဆွေးနွေး ပြောကြားသည်။
ထိုနောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းထူးချွန်ဆုများကို ပေးအပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူများ ပြုလုပ်ထားသည့် မုန့်အမျိုးမျိုးကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ သင်တန်းကို ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ သင်တန်းသား သင်တန်းသူ(၂၀) တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက မုန့်အမျိုးအစား (၇)မျိုးကို ဖေဖော်ဝါရီ ၂ရက်မှဖေဖော်ဝါရီ ၁၆ရက်အထိ အခမဲ့ ဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ကြောင်း ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင် ထံမှ သိရသည်။
မောင်ခိုင်