နေပြည်တော် ဖေဖော်ဝါရီ ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးနှင့်အတူ ယမန်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိသုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာ ကြားချက်နှင့်အညီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော လဟယ်မြို့ အနောက်တောင်ဘက်(၂)မိုင်ခန့်အကွာ ဟွေထိုက်ချောင်းပေါ်ရှိ ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စီမံကိန်း ယာယီရှင်းလင်းဆောင်၌ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် နှင့် တာဝန်ရှိသူများက ဟွေထိုက်အသေးစား ရေအားလျှပ်စစ်စီမံကိန်း စူးစမ်းတိုင်းတာ ထားမှု၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ဒီဇိုင်းတွက်ချက်လျက်ရှိသည့် စီမံကိန်းစနစ် ပုံစံနှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စက်၊ ယာဉ်ယန္တရား များနှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်များ စီမံကိန်းလုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင် ရမည့်အခြေအနေ၊ စီမံကိန်းချဉ်းကပ်လမ်း ဖောက်လုပ်ထားရှိမှု၊ စီမံကိန်းအခြေစိုက်စခန်း တည်ဆောက်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်စီစဉ် ဆောင်ရွက်ထားရမည့် အခြေအနေ၊ စီမံကိန်းကုန်ကျစရိတ် အနည်းဆုံးဖြစ်စေရေး အတွက် ရေအားအဆောက် အအုံများ ရွေးချယ်တည်ဆောက်မှုကို အသင့်လျော်ဆုံးဖြစ်အောင် နည်းလမ်းအမျိုးမျိုးဖြင့် စိစစ်ပြီး ဝန်ကြီးဌာန နည်းပညာဆိုင်ရာကြီးကြပ်မှု ကော်မတီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက် သွားရန်တို့နှင့်ပတ်သက်၍ မှာကြားခဲ့ပြီး ပင်မတမံတည်ဆောက်မည့် မြေနေရာ၊ ရေထိန်း ကန်တည်ဆောက်မည့်နေရာနှင့် ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဟွေထိုက်အသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟွေထိုက်ချောင်းပေါ်တွင် အမြင့် (၈၂)ပေခန့်ရှိသည့် ကွန်ကရစ်ရေလွှဲဆည်၊ အလျား(၁၇၈၃) ပေခန့်ရှိသည့် ရေသွယ်မြောင်း၊ ရေထိန်းကန်၊ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် ရေအားအဆောက်အအုံ များ ပါဝင်သည့် တိုက်ရိုက်ရေသွယ်စနစ်ပုံစံ (Run-of-River Type) ဖြင့် တည်ဆောက်ပြီး စက်တပ်ဆင်အင်အား (၄)မဂ္ဂါဝပ်ဖြင့် နှစ်စဉ်ပျှမ်းမျှ ဓာတ်အား (၂၁) ကီလိုဝပ်နာရီသန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ရှိလျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိသည့် ကျလွေအသေးစားရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားကာ ဓာတ်အားပေးစက်များ မောင်းနှင်ဓာတ်အားထုတ်လုပ်ပေးနေမှု၊ ရေသွယ်ပိုက်လိုင်း၊ ရေထိန်းကန်၊ ရေသွယ် မြောင်းနှင့် ရေလွှဲဆည်တို့ကို လှည်လည်ကြည့်ရှု စစ်ဆေးသည်။
ကျလွေအသေးစားရေအားလျှပ်စစ်စက်ရုံသည် (၁၅၀)ကီလိုဝပ် ဓာတ်အားပေးစက် (၂) လုံးဖြင့် ဓာတ်အားထုတ်လုပ်၍ လဟယ်မြို့ရှိ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံများ၊ ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်ကို ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လဟယ်မြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် အညီ အမှတ်(၉၄၁) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲမှ တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်၏ သိမ်မြေနေရာပြုပြင်ခြင်း၊ မြေညှိ ခြင်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြု သီလရှင်ကျောင်း တိုက်သို့သွားရောက်ပြီး လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
ယနေ့တွင် ပြည်ထောင်စုဝန်ကြီးအဖွဲ့သည် ခန္တီးမြို့တစ်ဖက်ကမ်း ဆင်သေရပ်ကွက် အနီး ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ဆောင်ရွက်မည့် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းနှင့် ခန္တီးမြို့အနီးဆောင်ရွက်မည့် အသေးစား ရေအား လျှပ်စစ်စီမံကိန်းများဆောင်ရွက်ရာတွင် အသုံးပြုမည့် အခြေစိုက်စခန်းမြေနေရာ ရွေးချယ် ထားမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မုံရွာလေဆိပ်၌ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်တွေ့ဆုံ၍ အခြေစိုက်စခန်းမြေနေရာရရှိရေး၊ တည်ဆောက်ရေး လုပ်ငန်းသုံးအဓိကပစ္စည်းများ သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များတွင် သယ်ယူစရိတ် သက်သာစေရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)