နေပြည်တော် ဖေဖော်ဝါရီ ၁၆
    
ဘဏ်များ၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ မိုဘိုင်းငွေရေး ကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သောကုမ္ပဏီများနှင့် ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရရှိသူများ၊ နိုင်ငံခြားငွေရောင်းဝယ် လဲလှယ်ရေးလုပ်ငန်းများ၏ အဓိကကျသည့်အကျိုးစီးပွားရှိသော အဓိကရှယ်ယာရှင်များ၊ ကုမ္ပဏီ၏ ဒါရိုက်တာများ၊ တာဝန်ရှိသူများနှင့် ဆက်နွှယ်သူများ အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက် (Fit & Proper) ဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ပိုမိုသိရှိနားလည် စေရန် အသိပညာမြှင့်တင်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်(ရန်ကုန်ဘဏ်ခွဲ)၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက  နိုင်ငံတော်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး ဆိုင်ရာလုပ်ငန်းစဉ်များကို ကဏ္ဍအသီးသီးတွင်  ဌာနဆိုင်ရာများ နှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ရှင်းလင်းဆွေးနွေးမည့် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ အတွက် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက် ( Fit & Proper ) ညွှန်ကြားချက် များသည် ငွေရေးကြေးရေးအဖွဲ့အစည်းများအတွင်း ပြစ်မှုကျူးလွန်သူများနှင့် ပြစ်မှုကျူးလွန် ရာမှ ရရှိထားသည့် ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များ ဝင်ရောက်လာခြင်းမရှိ စေရေးအတွက် ကြိုတင်တားဆီးကာကွယ်ထားသည့် အစီအစဉ်များဖြစ်ကြောင်း၊ ငွေရေး ကြေးရေးအဖွဲ့အစည်းများ၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအားလုံးတွင်  ရင်းနှီးမြှုပ်နှံသည့် ငွေကြေး၊ အရင်းအနှီးများ၌ ငွေကြေးခဝါချမှုကျူးလွန်သူများမပါဝင်စေရေး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့်  ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်း၊ သတင်းပို့ခြင်း၊ အပါအဝင် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း  မှာကြားသည်။ 
    
ယင်းနောက် တာဝန်ရှိသူများက ဘဏ်နှင့် ဘဏ်မဟုတ်သောငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ပြည်ပငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံခြားငွေများ ရောင်းဝယ်လဲလှယ် ရေးလုပ်ငန်း၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင် မှုလုပ်ငန်းများနှင့် ဘဏ်ဦးဆောင်မှု ပုံစံဖြင့်ဆောင်ရွက်သည့် မိုဘိုင်းဘဏ်လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်သူ များနှင့် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက် သူများအတွက် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များကိုလည်းကောင်း၊ ညွှန်ကြားချက်နှင့်အညီ စောင့်ကြပ်ကြည့်ရှုစစ် ဆေးခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊   လိုက်နာခြင်းမရှိပါက ဥပဒေစည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူသွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)