ဖေဖော်ဝါရီ  ၁၇၊   ၂၀၂၃

အကြမ်းဖက်လုပ်ရပ်များကြောင့် ကြောက်လန့်ပြီး ရှောင်တိမ်းကြသူများကို ပြန်လည်သတင်းပို့ကြရန် ဖိတ်ခေါ်ခြင်း၊ ပြစ်ဒဏ်ကျခံနေရသူများကို  လွတ်ငြိမ်း ချမ်းသာခွင့်ပြုခဲ့ခြင်းများဖြင့် ပျော့ပျောင်းညင်သာစွာ ဆောင်ရွက်နေပါကြောင်း၊ သို့သော်လည်း    အထူးသဖြင့်    လူငယ်များကို    သွေးထိုးမြှောက်ပင့်ပေးခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်း စသည့်  မရိုးသားသောနည်းလမ်းများဖြင့် စည်းရုံး သိမ်းသွင်းပြီး လမ်းမှားသို့တွန်းပို့ကာ နိုင်ငံတော်ကို ဖျက်ဆီးနေကြဆဲဖြစ်သော ကြောင့် ပြည်သူများနှင့်လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး အသိပညာမြင့်မားလာ ရေး  ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင် သံကြား (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လာခဲ့သည်မှာ နှစ်နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။  နိုင်ငံတော်ကို   တာဝန်ယူခဲ့သည့်   နှစ်နှစ်တာကာလအတွင်း နိုင်ငံ တည်ငြိမ်အေးချမ်းရေးကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သော်လည်း အချို့နေရာများ တွင် အကြမ်းဖက်မှုများ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးမှုများမှာ သိသိသာသာ လျော့နည်းကျဆင်းသွားခြင်းမရှိသေးပေ။   မြန်မာနိုင်ငံ၏   တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊  ဖွံ့ဖြိုးတိုးတက်မှုတို့ကို    မလိုလားသည့်   ဩဇာခံတိုင်းပြည် ဖြစ်အောင် အဓမ္မလုပ်လိုသည့် ပြည်ပနိုင်ငံအချို့နှင့် ပြည်သူ့အကျိုးကို မျက်ကွယ်ပြု ကာ ပုဂ္ဂိုလ်ရေးနှင့် အဖွဲ့အစည်းအကျိုးစီးပွားကိုသာ ရှေးရှုနေကြသည့် ပြည်တွင်းမှ သစ္စာဖောက်များနှင့် ပြည်ပြေးများသည် နိုင်ငံကို အလုံးစုံပျက်စီးအောင် ဆက်လက် လုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။


ယနေ့ဖြစ်ပေါ်နေသည့် တိုင်းပြည်အတွင်း အကြမ်းဖက်ဖျက်ဆီးရေးလုပ်ဆောင် နေမှုများကို သုံးသပ်ကြည့်လျှင် နိုင်ငံရေးကို ခုတုံးလုပ်၍ တိုင်းပြည်အလုံးစုံပျက်စီး ရေးဟူသည့်လမ်းမှားပေါ်တွင် ဦးတည်နေကြသည်ကိုတွေ့ရမည်ဖြစ်သည်။ ခံယူ ချက်အရ ပင်ကိုအားဖြင့်  တိုင်းပြည်ဖျက်ဆီးရေးကို  လုပ်ဆောင်ကြသူများ၏ ပယောဂကြောင့် အသိပညာဗဟုသုတနည်းပါးသူများ လမ်းမှားပေါ်သို့ရောက်ရှိသွား ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက လမ်းမှားရောက် နေသူများအား ပြန်လည်ဖိတ်ခေါ်ခြင်း၊ ပြစ်ဒဏ်ကျခံနေရသူများအား လွတ်ငြိမ်း ချမ်းသာခွင့်ပြုခြင်းတို့ကို သဘောထားကြီးစွာ ပြုလုပ်ပေးလျက်ရှိသည်။ ပြည်သူများ လမ်းမှားပေါ်သို့ရောက်ရှိစေရန်အတွက် မသမာသူများ၊ ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်များကို  အသုံးချကာ အတွေးအမြင်ခံယူချက်များ လွဲမှားအောင် ပြုလုပ်လျက်ရှိသည်။


လက်ရှိကာလတွင်  ပြည်သူများအား  မှန်ကန်သည့်အသိအမြင် ဗဟုသုတများ ပေးဝေနိုင်ရေးသည် အရေးကြီးသည့်လုပ်ငန်းဖြစ်သည်။ “အမှားကြာလျှင် အမှန် ဖြစ်” ဆိုသည့်နည်းတူ “အမှန်ကြာလျှင် အမှားပျောက်ကွယ်” သွားအောင် ကြိုးပမ်း ကြရမည်ဖြစ်သည်။ ထို့ကြောင့် မှန်ကန်သည့်အသိအမြင်ဗဟုသုတ အတွေးအခေါ် အယူအဆများကို ပြည်သူများကြားတွင် စိမ့်ဝင်ပျံ့နှံ့အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ အထူးသဖြင့်  လူငယ်လူရွယ်များ  လမ်းမှားပေါ်သို့  မရောက်စေရေး၊ ပညာတတ်သားကောင်းရတနာများဖြစ်လာစေရေးသည် အရေးကြီးသည်။ လူငယ် လူရွယ်ဆိုသည်မှာ အနာဂတ်တာဝန်ကို လက်ဆင့်ကမ်း လွှဲပြောင်းယူကြမည့်သူများ ဖြစ်၍ မှားယွင်းသောအယူအဆ အသိအမြင်များ လွှမ်းမိုးသွားလျှင် အနာဂတ်တွင် ရင်လေးဖွယ်ရာများ ကြုံတွေ့နိုင်သည်။ လူငယ်လူရွယ်များကြားတွင် မှန်ကန်သည့် အသိအမြင် ဗဟုသုတ အတွေးအမြင်များ လွှမ်းခြုံနေလျှင် တိုင်းပြည်၏အနာဂတ်မှာ တောက်ပြောင်လင်းလက်လာမည်ဖြစ်သည်။


ယနေ့လူငယ်လူရွယ်များသည်  နောင်အနာဂတ်တွင်    နိုင်ငံတော်အကျိုးကို သယ်ပိုးထမ်းရွက်ကြမည့်၊  နိုင်ငံတော်ကို   ထုဆစ်ပုံဖော်ကြမည့်မျိုးဆက်များ ဖြစ်သည်။  လူငယ်လူရွယ်များအား  ပြုစုပျိုးထောင်ရေးတာဝန်မှာ အဓိကအားဖြင့် မိဘဆရာများတွင် တာဝန်ရှိသည်ဆိုသော်လည်း ယနေ့လူငယ်များ၏ တိုးတက် ဖြစ်ပေါ်နေမှုအခြေအနေများကိုလိုက်၍   ပြုပြင်ပြောင်းလဲဆောင်ရွက်နေရမည် ဖြစ်သည်။ လူငယ်လူရွယ်များကြားတွင်   မိဘဆရာများထက် လွှမ်းမိုးဖြစ်ပေါ် နေသည်မှာ   နည်းပညာနယ်ပယ်ဖြစ်သည်။ နည်းပညာများကိုအသုံးချ၍ လူငယ် လူရွယ်များ အတွေးမှား အမြင်မှားစေရန် ဆောင်ရွက်နေသည့်မီဒီယာများကို သတိ ပြုရမည်ဖြစ်သည်။ မီဒီယာများကိုအသုံးချ၍  လူငယ်လူရွယ်များအား လမ်းမှား ပေါ်သို့  တွန်းပို့နေမှုကို မှန်ကန်သောသတင်းအချက်အလက်၊ အသိပညာဗဟုသုတ များဖြင့် ချေဖျက်ကြရမည်ဖြစ်သည်။


သို့ဖြစ်ရာ နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာဝပြောရေးနှင့် ပိုမိုကောင်းမွန် သောအနာဂတ်ကို   တည်ဆောက်နိုင်ရေးအတွက်    လူငယ်လူရွယ်များကြားတွင် မှန်ကန်သည့် တွေးခေါ်မြော်မြင်မှုများနှင့် အသိအမြင်ဗဟုသုတများ တိုးပွားလာ အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အဓိကမှာ ပြည်ထောင်စု ကြီး ထာဝရငြိမ်းချမ်းရေး၊  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်   လူမှုစီးပွားဘဝ  ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများကြားတွင် မှန်ကန်သည့်အတွေးအမြင် ဗဟုသုတ များ လွှမ်းခြုံမျှဝေပေးကြရမည်ဖြစ်ပါကြောင်း။    ။

ကြေးမုံ