နေပြည်တော် ဖေဖော်ဝါရီ ၁၆
(၇၅) နှစ်မြောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား သံတမန်ဆက်သွယ်ထူထောင်မှုအထိမ်းအမှတ်အဖြစ် မြန်မာ-ရုရှား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ပြီး အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးနှင့် ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ပါဝင် ဆွေးနွေးကြမည့် ပညာရှင်များ၊ တက္ကသိုလ်များမှ နည်းပြများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် အဖွဲ့ဝင်များ သည် အခမ်းအနား ကျင်းပပြုလုပ်မည့် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ သို့ ရောက်ရှိကြပြီး ရုရှား - မြန်မာ ချစ်ကြည်ရေး မှတ်တမ်းဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံများကိုလှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ တေးသံရှင်များက “သမိုင်းတစ်ခေတ် တို့ဖွင့်လှစ် မည်” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ ယင်းနောက် မြန်မာ-ရုရှား ခေတ်အဆက်ဆက်ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသသည်။
ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်သွယ်ထူထောင်မှုအထိမ်း အမှတ်အဖြစ် အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် ဖိုရမ်ကြီးကို မြန်မာ - ရုရှား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် ကဏ္ဍပေါင်းစုံ၌ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အားလုံးသိကြသည့်အတိုင်း မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ သံတမန်ဆက်သွယ် ထူထောင်မှုသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် တွင်(၇၅)နှစ် ပြည့်မြောက်တော့မည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကို ပြန်ကြည့်ပါက ခေတ်အဆက်ဆက်တွင် ရင်းနှီးချစ်ခင်မှုခိုင်မြဲခဲ့ သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် ယခင်ကထက် ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရုံသာမက နှစ်နိုင်ငံတပ်မတော်အကြား ၌လည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ကြ ရမည်ဖြစ်ပါကြောင်း၊ ကုန်သွယ်မှုကိစ္စရပ်များ၊ သိပ္ပံ နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များသာမက အခြားကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို မြှင့်တင်နိုင်ခဲ့ပါကြောင်း။
အထူးသဖြင့် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အမြဲတမ်းမိတ်ဆွေနိုင်ငံ၊ အမြဲတမ်းမဟာမိတ်နိုင်ငံ များအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ပြီး ရုရှား-မြန်မာချစ်ကြည်ရေးအသင်းများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီး အပြန် အလှန်လည်ပတ်ရေး၊ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်းတိုးမြှင့် ရေး၊ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ အရပ်ဘက်စစ်ဘက် ပညာတော်သင် များ ထပ်မံစေလွှတ်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်စေလွှတ် သွားရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံ တကာနှင့် ဒေသတွင်းဆက်ဆံရေး အခြေအနေများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရေးဟူသည့် လုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း။
နီးနီးကပ်ကပ် ရင်းနှီးချစ်ကြည်ဆက်ဆံလာ
အတိတ်သမိုင်းကြောင်းကို ပြန်ကြည့်ပါက ရုရှား နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပထဝီအနေအထားအရ သမုဒ္ဒရာကြီးများနှင့် တိုက်ကြီးများ ခြားထားသော် လည်း နှစ်နိုင်ငံ အပြန်အလှန်နားလည်မှု၊ စီးပွားရေး အခွင့်အလမ်းနှင့် မဟာဗျူဟာဆိုင်ရာ ထည့်သွင်း စဉ်းစားမှုများအပေါ် အခြေခံပြီး နီးနီးကပ်ကပ် ရင်းနှီး ချစ်ကြည်ဆက်ဆံလာခဲ့ကြသည်ကို တွေ့မြင်နိုင်မည် ဖြစ်ပါကြောင်း။
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံ ရေးတွင် ဆဋ္ဌမမြောက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်း က သံတမန်ဆက်ဆံခဲ့ကြခြင်းဖြစ်သဖြင့် ရင်းနှီး ကျွမ်းဝင်မှုများ အခိုင်အမာရှိနေပြီဟု ပြောရမည် ဖြစ်ပါကြောင်း။
ရေးသားကြေညာခဲ့သည်ကို တွေ့မြင်နိုင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးကြေညာစာတမ်းတွင် “ငါတို့ လွတ်လပ် ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင်တည်မည်။ ငါတို့သည် လွတ်လပ်သော
နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံ အပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက်ကျင့်ဆောင်မည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့ လေးစားစောင့်စည်းမည်။ ငါတို့သည် ငြိမ်းချမ်းရေး ကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့် အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ် စောင့်ရှောက်မည်။ ဤငါတို့ ကြေညာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေ သတည်း” ဟု ရေးသားကြေညာခဲ့သည်ကို တွေ့မြင် နိုင်မည် ဖြစ်ပါကြောင်း။
ယင်းကြေညာစာတမ်းကိုကြည့်ပါက မိမိတို့ မြန်မာနိုင်ငံသားများသည် လွတ်လပ်ရေးကို လေးစား မြတ်နိုး တန်ဖိုးထားထိန်းသိမ်းသူများ၊ ငြိမ်းချမ်းရေး ကို အလေးထားမှုများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိမှုများကို တွေ့ရှိရ မည်ဖြစ်ပါကြောင်း။
ယနေ့ကမ္ဘာကြီးတွင် အင်အားကြီးနိုင်ငံအချို့ သည် နိုင်ငံငယ်များ၏ ပြည်တွင်ရေးကိစ္စများတွင် အကြောင်းအမျိုးမျိုးပြကာ ဝင်ရောက်စွက်ဖက်ပြီး တည်ငြိမ်မှုပျက်ပြားအောင်၊ စည်းလုံးညီညွတ်မှုပြိုကွဲ အောင် နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဆောင်ရွက်နေကြ ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံငယ်လေးများ အပေါ် မလိုတစ်မျိုး လိုတစ်မျိုးလုပ်ပြီး ဖိအားပေး အကျပ်ကိုင်မှုများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ ခွဲခြား ဆက်ဆံမှုများ ပြုလုပ်နေသည်ကို တွေ့မြင်နေရပါ ကြောင်း။
အထူးသဖြင့် မိမိတို့ မြန်မာနိုင်ငံကဲ့သို့ ပထဝီနိုင်ငံ ရေးအရ အရေးပါသည့် နိုင်ငံငယ်တစ်ခုကို ၎င်းတို့ အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်း သြဇာ ကျယ်ပြန့်လာစေရေးအတွက် နည်းလမ်းမျိုးစုံ နှင့် ဖိအားပေးအကျပ်ကိုင်မှုများ၊ အပြစ်ရှာဝေဖန် တိုက်ခိုက်မှုများ၊ ပိတ်ဆို့အရေးယူမှုများ၊ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်မှုများကို စဉ်ဆက်မပြတ် တစိုက်မတ်မတ် အရှိန်ယူဆောင်ရွက်နေသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရပါကြောင်း။
ထိုကဲ့သို့ နိုင်ငံကြီးအချို့၏ မြန်မာနိုင်ငံအပေါ် အဆိုးမြင်စိတ်များစွာနှင့် အလုံးစုံပျက်သုဉ်းရေး ရည်ရွယ်ကျင့်ကြံ ဆောင်ရွက်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် မိတ်ကောင်းဆွေသဟာ ပီသစွာ အမြဲဖေးမကူညီရပ်တည်ပေးသည့် ရုရှားနိုင်ငံ ၏ ခေါင်းဆောင်များနှင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားများ ကို အထူးပင် ကျေးဇူးတင်ရှိကြောင်းကို ပြောကြားလို ပါကြောင်း။
ဘက်ပေါင်းစုံမှ ဖော်ဆောင်သွားမည်
မိမိတို့ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံနှင့် ချစ်ကြည် ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးတက်ခိုင်မြဲစေရန် အစဉ်တစိုက် အလေးထားဆောင်ရွက်သွားမည်ဖြစ် ကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ ရုရှား နိုင်ငံကို မိတ်ကောင်းဆွေကောင်းအဖြစ် လေးစား တန်ဖိုးထားပြီး နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းနိုင် အောင် ဘက်ပေါင်းစုံမှ ဖော်ဆောင်သွားမည်ဖြစ်သကဲ့ သို့ နှစ်နိုင်ငံပြည်သူများ အချင်းချင်းရင်းနှီးချစ်ကြည်စွာ ကူးလူးဆက်သွယ်ဆောင်ရွက်နိုင်ရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း။
ယနေ့မျက်မှောက်ကမ္ဘာကြီးတွင် အရေးအကြီး ဆုံး လိုအပ်နေသည့်အရာသည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး တို့ပင် ဖြစ်ပါကြောင်း၊ ထိုအရာများသည် တစ်သီးခြား စီ ရပ်တည်၍မရဘဲ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုနေရ သည့် အရာများပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှု မရှိဘဲ တည်ငြိမ်မှုမရနိုင်သကဲ့သို့ ငြိမ်းချမ်းမှုနှင့်တည်ငြိမ်မှု မရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်လို့မရနိုင်သည် ကို သတိပြုကြရမည်ဖြစ်ပါကြောင်း၊ ယင်းလိုအပ် ချက်များ ပြည့်စုံရေးအတွက် မိမိတို့အားလုံးသည် နိုင်ငံတကာဆက်ဆံရေး ခိုင်မာအားကောင်းလာစေ ရန် မဖြစ်မနေ ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း။
တစ်နည်းအားဖြင့် ကမ္ဘာ့မျက်နှာစာအသီးသီး တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ပြည်သူတစ်ဦးနှင့် တစ်ဦး ပူးပေါင်းဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း။
တက်ကြွစွာ ပါဝင်ဆောင်ရွက်
အားလုံးသိကြသည့်အတိုင်း ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးစ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံသည် များစွာသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော်လည်း ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာ နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာချိန်မှ စပြီး ယနေ့အချိန်အထိ ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရေးကို နိုင်ငံခြားရေးမူဝါဒ၏ အုတ်မြစ် တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကုလသမဂ္ဂကြီးကို ကမ္ဘာ့နိုင်ငံများ ၏ ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှုနှင့် တရားမျှတမှုရှိပြီး သာယာဝပြောသည့် ကမ္ဘာ့အသိုက်အဝန်းကြီး ဖြစ်ပေါ်လာရေးအတွက် ကူညီပံ့ပိုးပေးနိုင်လိမ့်မည်ဟု ယုံကြည် မျှော်လင့်လျက်ရှိသည်ကို ပြောကြားလို ပါကြောင်း။
သို့သော် အင်အားကြီးကမ္ဘာ့နိုင်ငံအချို့သည် နိုင်ငံငယ်များအပေါ် တစ်ဖက်သတ် ဝါဒစွဲဖြင့် မတူညီ သည့်နိုင်ငံရေးစနစ်ဖြင့် အတွေးအခေါ်များအပေါ် လွှမ်းမိုးထိန်းချုပ်နိုင်ရန် နည်းလမ်းမျိုးစုံနှင့် အစဉ် တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသည်ကိုလည်း အားလုံးက သတိပြုကြရန်လိုအပ်ပါကြောင်း၊ အဆိုး ဆုံးမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အကြောင်း ပြ၍ အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်း ရေးတွင် ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုမှုများကို စိတ်မကောင်းဖွယ် တွေ့မြင်နေရပါကြောင်း။
ယခုကဲ့သို့သော အခြေအနေတွင် နိုင်ငံများအနေ ဖြင့် အချုပ်အခြာအာဏာကို အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း ရေးကိစ္စများတွင် ဝင်ရောက်မစွက်ဖက်ရေးတို့ကို လေးစားလိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့ နိုင်ငံအနေဖြင့် တစ်ဖက်က နိုင်ငံရေးတည်ငြိမ် အေးချမ်းမှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သကဲ့သို့ အခြားတစ်ဖက်တွင်လည်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အာဆီယံ ၏ သဘောထားရပ်တည်ချက်များအတိုင်း ဒေသ တွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အပြည့်အဝ ပါဝင်ဆောင်ရွက်လျက်ရှိသည် ကို အသိပေးပြောကြားလိုပါကြောင်း။
တန်ဖိုးမဖြတ်နိုင်သော နိုင်ငံတော်ကြီးဖြစ်
မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှဒေသ၏ အချက်အချာနေရာတွင် တည်ရှိနေသည့်အတွက် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံဖြစ်ပါကြောင်း၊ မြောက်ပိုင်းဒေသတွင် နှင်းဖုံးသည့်တောင်တန်းကြီး များ၊ အလယ်ပိုင်းတွင် ထွန်ယက်စိုက်ပျိုးနိုင်သည့် မြေပြန့်လွင်ပြင်များနှင့် တောင်ဘက်ပိုင်းတွင် ပင်လယ်ပြင်နှင့် ကျွန်းစုများရှိသည့်အတွက် ရေမြေ ရာသီဥတု လွန်စွာသာယာလှပသကဲ့သို့ စားရေရိက္ခာ နှင့် သဘာဝတွင်းထွက်ပစ္စည်းများ ထွက်ရှိသည့် အတွက် သဘာဝကဖန်တီးပေးထားသည့် တန်ဖိုး မဖြတ်နိုင်သော နိုင်ငံတော်ကြီးဖြစ်ပါကြောင်း။
ယခုကဲ့သို့ တန်ဖိုးရှိသည့် ရေမြေရာသီဥတုနှင့် သဘာဝတရားများကို အကျိုးရှိစွာ အသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသား များ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီ လက်ညီ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့အကျိုး၊ တိုင်းရင်း သား ပြည်သူတို့၏အကျိုးကိုရှေးရှုပြီး “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဟူသည့် ဆောင်ပုဒ်အတိုင်း ပိုမို ကောင်းမွန်သည့် နိုင်ငံတော်နှင့် လူမှုစီးပွားဘဝကို တည်ဆောက်လျက်ရှိပါကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူလူထုတစ်ရပ် လုံးအကျိုးကို ရှေးရှုပြီး လက်တွေ့ကျကျ ဆောင်ရွက် နိုင်မည့်နည်းလမ်းများကို ရှာဖွေကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် သဘာဝ မှပေးထားသည့် အခွင့်အလမ်းကောင်းများစွာ ရှိပြီးသားဖြစ်သည့်အတွက် ပြည်တွင်းစီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ ဆောင်ရွက်သည့်အခါတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍမှ
ပါဝင်နေသည့်အတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပညာသင်ကြား ရေးလုပ်ငန်းများကို အဓိကထားပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
ထို့ပြင် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအဖြစ် နှစ်နိုင်ငံကူးလူးဆက်ဆံရေး၊ ကူးသန်းရောင်းဝယ်ရေးကိစ္စများ၊ ကမ္ဘာလှည့်ခရီး သွားကဏ္ဍများ၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာ ကဏ္ဍများအပြင် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်သည့်အတွက် မိမိတို့ကျရာကဏ္ဍ မှ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း။
မိမိအနေဖြင့် ရုရှားနိုင်ငံခရီးစဉ်များတွင် မြန်မာ နိုင်ငံတွင် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေး ကြရန် ဖိတ်ခေါ်ခဲ့ခြင်းကြောင့် အခုအချိန်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရ ပြီး မကြာခင် ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်လာ နိုင်ကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ထားပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အကျိုးကို လိုလားသည့် မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် များနှင့်မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည် ကိုလည်း အသိပေးပြောကြားလိုပါကြောင်း။
မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး
မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးကာလ ကတည်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး မူကြီး(၅)ချက်ကို အစဉ်တစိုက် လက်ခံကျင့်သုံး ဆောင်ရွက်နေသကဲ့သို့ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး လျက်ရှိပါကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ကို ရှေးရှုဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့ အစိုးရသက်တမ်းကာလတွင် အမျိုးမျိုး သောဖိအားများ၊ ဝေဖန်မှုများ၊ ပြစ်တင်မှုများ ကြားက မြန်မာနိုင်ငံ၏ ပကတိအခြေအနေများအပေါ် နားလည်သဘောပေါက်ပြီး ပူးပေါင်းကူညီဆောင်ရွက် ပေးသည့် ရုရှားနိုင်ငံအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများ၊ နိုင်ငံများနှင့်လူပုဂ္ဂိုလ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိသည်ကို ထပ်လောင်း ပြောကြားလိုပါကြောင်း။
ယနေ့ဖိုရမ်တွင် ဆွေးနွေးကြမည့် အကြောင်း အရာများ၊ ဆွေးနွေးမည့် ပုဂ္ဂိုလ်များသည် ရုရှား- မြန်မာချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများ၊ အတွေးအမြင်များ၊ နည်းလမ်းများ ရှာဖွေဆွေးနွေးကြမည်ဖြစ်သဖြင့် အထူးပင်ကျေးဇူး တင်ရှိပါကြောင်းနှင့် တက်ရောက်လာသူအားလုံးက တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြပါရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ သမိုင်းကြောင်းအရ နှစ်ပေါင်းများစွာ ဖြစ်တည်ရှည်ကြာခဲ့သည့် ရုရှား- မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ကြာတည်တံ့ပါစေ၊ ရုရှား-မြန်မာယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ပါစေ၊ ရုရှား- မြန်မာ နှစ်ပြည်ထောင် တိုးတက်ဖွံ့ဖြိုးပါစေဟု ဆုတောင်းပါကြောင်း ပြောကြားသည်။
ပိုမိုတိုးတက်စေရေး ကြိုးပမ်း
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံအမတ်ကြီးက ပြောကြားရာတွင် ယနေ့ မိမိတို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား (၇၅) နှစ်မြောက် သံတမန်ဆက်သွယ် ထူထောင်မှုအထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အခမ်းအနားတွင် အမှာစကားပြောကြားခွင့်ရသည့် အတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို တွေ့မြင်ရသည့်အတွက်လည်း ဝမ်းမြောက်ပီတိဖြစ်မိ ပါကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးနယ်ပယ်နှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာများတွင်လည်း ပူးပေါင်းဆောင်ရွက်ရေးလမ်းစကို အစပျိုးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို မိမိ တို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့် အစဉ်အမြဲ လိုလားပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီ တေးဂီတအဖွဲ့မှ တေးသံရှင်များ၏ Rossiya Vperod ရုရှား တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် အခမ်း အနား တက်ရောက်လာကြသူများသည် စုပေါင်း မှတ်တမ်းဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် အခမ်းအနားမှ ပြန်လည်ထွက်ခွာသွား သည်။
ယင်းနောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြရာ “မြန်မာ-ရုရှား ဆက်ဆံ ရေး မျက်မှောက်နှင့် အနာဂတ်ခရီး” ခေါင်းစဉ်ကို သဘာပတိ ဦးကိုကို ဦးဆောင်၍ ဦးခင်မောင်ဇော်၊ ဒေါက်တာ နိုင်ဆွေဦးနှင့် ဦးကျော်လင်းဦးတို့က ဆွေးနွေးကြပြီး အမေးအဖြေကဏ္ဍများ ပြုလုပ်ကြ သည်။ မွန်းလွဲပိုင်းတွင် “မြန်မာ - ရုရှား ဆက်ဆံရေး နှင့် မြန်မာ့လူမှုစီးပွားအပေါ် အကျိုးဖြစ်ထွန်းမှု များ” ခေါင်းစဉ်ကို သဘာပတိ ဦးကိုကို ဦးဆောင်၍ ဒေါက်တာ နန္ဒာမွှန်း၊ ဒေါက်တာ မောင်သင်းနှင့် ဦးရဲမင်းအောင်တို့က ဆွေးနွေးကြပြီး အမေးအဖြေ ကဏ္ဍများ ပြုလုပ်ကြသည်။
ထို့နောက် ပြန်လည်သုံးသပ်ဆွေးနွေးခြင်းကို ဆောင်ရွက်ကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှု အောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များက Nadejda သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက် ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်