ပွင့်ဖြူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မြေအောက်ရေဖြင့် စပျစ်သီးနှံ စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြသည့် ဒေသခံတောင်သူများ အောင်မြင်ဖြစ်ထွန်း၍ စပျစ်သီးများ လှိုင်လှိုင်ဆွတ်ခူးရောင်းချနေရသဖြင့် မိသားစုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး စိုက်ပျိုးသမျှသီးနှံများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ပဲနောက်၊ ပဲလွမ်း၊ ပဲယင်း၊ ပဲစင်းငုံ စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် စားဖိုဆောင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံနှင့် ဘုရားပန်းမျိုးစုံကိုလည်း တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိအောင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ အချို့ကျေးရွာများ၌ ဒေသခံတောင်သူများက မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် ဥယျာဉ်ခြံမြေများ ပြုလုပ်၍ စပျစ်သီးနှံ စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိ၍ သီးနှံအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အပြင် စိုက်ပျိုးမြေလည်း ကောင်းမွန်တဲ့အတွက် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှုရှိပါတယ်။ ယခုဆိုရင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက အပိုဝင်ငွေရရှိအောင် စမ်းသပ်စိုက်ပျိုးထားတဲ့ စပျစ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိပြီး တစ်ပိဿာကို ငွေကျပ် ၈၀၀၀ ဈေးနဲ့ ရောင်းချနေရပါပြီ။ စပျစ်သီးနှံစိုက်ပျိုးရာမှာလည်း ဝယ်ယူစားသုံးသူတွေ ဘေးကင်းလုံခြုံစေရန်အတွက် အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်နဲ့ စိုက်ပျိုးထားတာ ဖြစ်ပါတယ်။ စပျစ်သီးနှံ ဝယ်ယူစားသုံးချင်သူတွေ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် ရောင်းချပေးသလို လက်လီလက်ကားဈေးနဲ့ တစ်ဆင့်ဝယ်ယူ ရောင်းချလိုသူများကိုလည်း ရောင်းပေးနေပါတယ်။ တစ်ပိုင်တစ်နိုင် စမ်းသပ်စိုက်ပျိုးတဲ့ စပျစ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် သီးနှံအပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေပါတယ်”ဟု ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှ တစ်ပိုင်တစ်နိုင် စပျစ်သီးနှံစိုက်ပျိုးလုပ်ကိုင်သည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် မြေအောက်ရေဖြင့် တစ်ပိုင်တစ်နိုင် စပျစ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို မုန်းဇလဲကျေးရွာ၊ သမင်းခြံကျေးရွာနှင့် လက်ပနွယ်ကျေးရွာတို့တွင် ဒေသခံတောင်သူများက မိသားစုစားဝတ်နေရေးအတွက် သီးနှံအပိုဝင်ငွေရရှိအောင် စမ်းသပ်စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရကာ ထွက်ရှိသည့် စပျစ်သီးနှံများကို ပွင့်ဖြူမြို့၊ စလင်းမြို့၊ မင်းဘူးမြို့နှင့် မကွေးမြို့များသို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)