ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၆
ပြင်ဦးလွင်မြို့ ထုံးဘိုကျေးရွာ သီတဂူနွေရာသီစံကျောင်းတော်၌ သီတင်းသုံးတော်မူသည့် နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ ဥက္ကဋ္ဌ မဟာနာယက ရွှေကျင်သာသနာပိုင် အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိမဟာနာယက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ဘုရားကြီးအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာ န ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်ဖူး မြော်ကန်တော့ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် သီတဂူဆရာတော် ဘုရားကြီးထံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လောရန်မြို့ မြင်းဖြူကျောင်းတော်ရှိ ရွှေတိဂုံပုံတူစေတီတော် ပြန်လည်ပြုပြင် မွမ်းမံရေးကိစ္စ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်အလှူခံကြွရောက်မည့် ပြည်ပဘွဲ့ခံဆရာတော် ဘုရားကြီးများ၏ ကြွရောက်လာကြမည့် အခြေအနေများကို တင်ပြလျှောက်ထားပြီး သီတဂူနွေရာသီ စံကျောင်းတွင် တည်ထားလျက်ရှိသည့် သီတဂူဆန်ချီစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ သီတဂူဆန်ချီစေတီ တော်အတွက် နဝကမ္မဝတ္ထုငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်းဆက်ကပ်လှူဒါန်းကာ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ပြင်ဦးလွင်မြို့ရှိ ရွှေစင်မင်း သီလရှင်သင်ပညာရေးကျောင်းသို့ သွားရောက်ကာ ပညာသင်ကြားနေမှု၊ ဆရာ ဆရာမများကို နိုင်ငံတော်အစိုးရက ချီးမြှင့်ထောက်ပံ့ ငွေပေးအပ်မှု၊ သီလရှင်သင်ပညာရေးကျောင်း ကျောင်းသား/သူများ၏ ပညာသင်ကြားနေမှု အခြေအနေများကို ဆွေးနွေး၍ လိုအပ်သည်များကို တိုင်းဒေသကြီး/ မြို့နယ်သာသနာရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းပေး၍ ဝတ္ထုငွေများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်