မန္တလေး ဖော်ဖော်ဝါရီ ၁၈
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဖေဖော်ဝါရီ (၁၄) ရက်မှ (၁၇) ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်း အမှတ် (၃) ၊ မန္တလေးမှ တိုင်းတာဝန်ခံ အရာရှိများနှင့်အတူ ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (ရွာထောင်)၊ စက်ခေါင်းပြင်စက်ရုံ (မန္တလေး)၊ စက်ခေါင်းပြင်စက်ရုံ (ပြင်ဦးလွင်)၊ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) စသည့် စက်ရုံကြီးများအပြင် မြစ်ငယ်ကွန်ကရစ်ဇလီဖားစက်ရုံ၊ မြစ်ငယ်တံတားသစ် တည်ဆောက်နေမှု၊ မန္တလေးမြို့ပတ် ရထားလမ်းပိုင်း၊ ပြင်ဦးလွင် - ဝက်ဝံ ရထားလမ်းပိုင်း၏ လက်ရှိအခြေအနေ၊ ဘူတာများနှင့် မြန်မာ့မီးရထား ရွှေဥဒေါင်း စာကြည့်တိုက် တို့ကိုစစ်ဆေးသည်။
အဆိုပါ ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးသည် ဒီဇယ်စက်ခေါင်းပြင်စက်ရုံ (ရွာထောင်)၊ စက်ခေါင်းပြင် စက်ရုံ (မန္တလေး) ၊ စက်ခေါင်းပြင်စက်ရုံ (ပြင်ဦးလွင်) တို့တွင် စက်ခေါင်းများကို အချိန်ကျ ပြုပြင် မွမ်းမံမှုများ စနစ်တကျ စစ်ဆေးဆောင်ရွက်ရန် ၊ စက်ခေါင်းများ ကြံ့ခိုင်မှုကောင်းမွန် စေရန်အတွက် အဆင့်လိုက် စစ်ဆေးပြုပြင်မှုများ ပုံမှန်ဆောင်ရွက်ရန် ၊ ပြည်ပမှ စက်ခေါင်းအပိုပစ္စည်း ဝယ်ယူမှုများ လျှော့ချနိုင်ရန်အတွက် မိမိစက်ရုံကြီးများတွင် အရည်အသွေးပြည့်မီသည့် အပိုပစ္စည်းများ တိုးမြှင့် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်ရုံကြီးများတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေး စီမံချက်များ စနစ်တကျရေးဆွဲ၍ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရန်နှင့် မီးသတ်ဆေးဗူးများ စနစ်တကျ စစ်ဆေးဖြည့်တင်းထားရှိရန်တို့ကို ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်) ၌ အသစ်တပ်ဆင် ထုတ်လုပ်နေသည့် လူစီးတွဲသစ်များ အချိန်မီပြီးစီးရေး၊ ကုန်တွဲများအချိန်မီ ပြုပြင်ပြီးစီးရေး၊ ဝန်ထမ်းများ အရည်အသွေးနှင့် ကျွမ်းကျင်မှု တိုးတက်စေရေး ၊ စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရေး ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရေး စနစ်တကျ စီမံဆောင်ရွက်သွားရန် မှာကြားခဲ့သည့်အပြင် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း၌ အဓိကကျသည့် မြစ်ငယ်တံတားသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီပြီး အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် RBE ရထားဖြင့် စီးနင်းလိုက်ပါ၍ မန္တလေးမြို့ပတ် ရထား လမ်းပိုင်း၏ အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး ရထားလမ်းဘေး၌ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် ရထားလမ်းဘေးဝဲယာ တစ်လျောက် သစ်ပင်များ စိုက်ပျိုးသွားရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပြင်ဦးလွင် - ဝက်ဝံ ရထားလမ်းပိုင်း၏အခြေအနေ ၊ အဆိုပါ ရထားလမ်းပိုင်းရှိ ဘူတာများနှင့် ဘူတာယာဒ်ဝင်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်း သပ်ရပ်မှုရှိစေရေး၊ မြက်၊ ချုံနွယ်များ မရှိစေရေး ၊ ဘူတာနှင့် ဘူတာယာဒ်ဝင်းအတွင်း ပန်းအလှ ပင်များစိုက်ပျိုးရေး၊ ရထားလမ်းပိုင်းအတွင်း ကွန်ကရစ်ဇလီဖားတုံးများကို သတ်မှတ်အကွာအဝေးအတိုင်း ထည့်သွင်းစေရေး ၊ အရည်အသွေးပြည့်မီသော လမ်းခင်းကျောက်များ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ထည့်သွင်း၍ စနစ်တကျ ပက်ကင်ရိုက်ခြင်းများ ဆောင်ရွက်ရန်၊ ဇီးပင်ကြီး - ပြင်ဦးလွင် - ဂုတ်ထိပ် ရထားလမ်းပိုင်းအဆင့်မြှင့် ပြုပြင်ဆောင်ရွက်နေမှုကို သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး အတွက် လိုအပ်သော စံချိန်စံညွှန်းပြည့်မီသည့် ကွန်ကရစ်ဇလီဖားများကို မြစ်ငယ်ကွန်ကရစ်ဇလီဖားစက်ရုံမှ အချိန်မီထုတ်လုပ်ပေးသွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်