နေပြည်တော် ဖေဖော်ဝါရီ ၁၈
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်၊ ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်း ထားသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင်များ(Corruption Prevention Unit)နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က ဝန်ကြီးဌာနများတွင် အဂတိ လိုက်စားမှုဖြစ်ပွားနိုင်ခြေ အန္တရာယ်များကိုလေ့လာပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရေးအတွက် CPU ကိုဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဖြစ်ပွားမှ အရေးယူခြင်းထက် ကြိုတင်တား ဆီးကာကွယ်ခြင်း (preventive Measure) သည်ပိုမိုထိရောက်ပါကြောင်း၊ ဝန်ကြီးဌာနနှင့်အစိုးရအဖွဲ့ အစည်းများတွင် CPU များဖွဲ့စည်းကာ အဂတိလိုက်စားမှု လျော့ကျစေရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်(PFP) ကိုအသုံးပြုပြီး အသေးစားအဂတိ လိုက်စားမှုကိုတိုက်ဖျက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရနှင့်ပြည်သူကြားတွင် ယုံကြည်မှုတည်ဆောက် နိုင်ရေး၊ သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှု ရရှိနိုင်စေရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အစီအစဉ် သည် ကော်မရှင်တစ်ခုတည်းဖြင့်ဆောင်ရွက်၍မရဘဲ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ပြည်သူများပါဝင်သောကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက CPU၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure - SOP) ၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိ လိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း(Corruption Risk Assessment -CRA) အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme - PFP) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်မှုများပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်