နေပြည်တော် ဖေဖော်ဝါရီ ၁၈

စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၏ သတ္တမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ဦးဇေယျာလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၏ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ ကျောင်းဆင်း မောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မကြာခင်ကာလတွင် စိုက်ပျိုးရေးဒီပလိုမာ လက်မှတ်ရသူများအနေဖြင့် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် လည်းကောင်း၊ မိမိ၏ကိုယ်ပိုင်လုပ်ငန်းများတွင် စွန့်ဦးတီထွင်လုပ်ကိုင်ခြင်းဖြင့် လည်း ကောင်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆက်နွယ်လျက်ရှိသော လုပ်ငန်းများတွင် လုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးကိုအခြေခံ၍ ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် မိမိတို့လေ့လာသင်ယူခဲ့သော ပညာရပ်များ ဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။ 

ထို့နောက် စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိ (၃)နှစ်တာပညာသင်ယူခဲ့ပြီး စိုက်ပျိုးရေး ဒီပလိုမာသင်တန်းကို အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခြင်းခံရသည့် ကျောင်းသား ကျောင်းသူ (၁၂၃) ဦးကို စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား) ကျောင်းအုပ်ကြီး ဒေါ်ဝင်းရီက စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်များ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ထူးချွန်ဆုများ ပေး အပ်ချီးမြှင့်ကြသည်။ 

စိုက်ပျိုးရေးသိပ္ပံများတွင် မွေးမြူရေးဒီပလိုမာသင်တန်းများကို စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)အပါအဝင် စိုက်ပျိုးရေးသိပ္ပံကျောင်း (၆)ကျောင်းတွင် တိုးချဲ့သင်ကြားပေး လျက်ရှိပြီး ကျန်ရှိသည့် စိုက်ပျိုးရေးသိပ္ပံကျောင်းများအားလုံးတွင် မွေးမြူရေးဒီပလိုမာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးကိုလည်း စာသင်နှစ် အလိုက် လျာထားဆောင်ရွက် လျက်ရှိကြောင်း၊ အလားတူ နိုင်ငံတော်၏ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ များတွင် လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်းကျောင်းများ တွင် စက်မှု၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးပညာရပ်များကို တွဲဖက်သင်ကြားပေးပြီး ထူးချွန်သူများကို အဆင့်မြင့်ပညာများကို ဆက်လက်သင်ကြားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်