နေပြည်တော် ဖေဖော်ဝါရီ ၁၈
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆရာအတတ်ပညာဦးစီဌာန ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူ များ၊ အားကစားသမားများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့ကျင်းပသော အားကစားပြိုင်ပွဲများမှတစ်ဆင့် မိမိတို့၏ အရည်အချင်းများကိုဖော်ထုတ်ပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်သိက္ခာနှင့်အညီ စည်းလုံးညီညွတ်စွာ စည်းကမ်းရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားရင်း အောင်မြင်မှုရရှိသူများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားကာ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲအထိမ်းအမှတ်အလံကို လွှင့်တင်၍ ပြိုင်ပွဲဝင်အားကစားအဖွဲ့များက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးတို့က အားကစားသမားများအား လိုက်လံနှုတ် ဆက်ကြသည်။
ဆက်လက်၍ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူ လေးများက Fitness Dance၊ တောင်ငူပညာရေးဒီဂရီကောလိပ်က ကဗျာလွတ်အက၊ မုံရွာပညာရေး ဒီဂရီ ကောလိပ်က မြန်မာ့သိုင်း၊ ရန်ကင်းနှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်များက ဝူရှူး အားကစားနှင့် သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်က တိုက်ကွမ်ဒိုအားကစားတို့ဖြင့် တင်ဆက်ပြသကြသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် အမျိုးသားဘောလီဘောပြိုင်ပွဲကို စတင်ကျင်းပရာ တောင်ကြီးပညာရေးဒီဂရီကောလိပ်က ပြည်ပညာရေး ဒီဂရီကောလိပ်ကို ၃ ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂)ရပ်အနက်မှ လူမှုရေးဦးတည်ချက်ဖြစ်သော တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာ ရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူဖြစ်စေရန်၊ အားကစားပွဲတော်မှ ထွက်ပေါ်လာမည့် ထူးချွန်အားကစားများမှသည် နိုင်ငံတော်အတွက် အားထားရသော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို အောက် မြန်မာပြည် ဇုန်(၄)ခုနှင့် အထက်မြန်မာပြည်ဇုန် (၄)ခု သတ်မှတ်၍ လူရွေးပွဲများကို သက်ဆိုင်ရာ ဇုန်အလိုက် မြို့များတွင်ကျင်းပခဲ့ပြီး ဗဟိုအဆင့်ဘောလုံးပြိုင်ပွဲတွင် အားကစားသမား ကျောင်းသား၊ အုပ်ချုပ်၊ နည်းပြ စုစုပေါင်း (၂၀၀) ပါဝင်ကြမည်ဖြစ်သည်။
ပညာရေးဒီဂရီကောလိပ်များမှ အားကစားသမား ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်ဇုန် (အောက်မြန်မာပြည်ဇုန်)မှ ၄၇၁ ဦးနှင့် မန္တလေးဇုန် (အထက်မြန်မာပြည်ဇုန်)မှ ၄၁၃ ဦး စုစုပေါင်း ၈၈၄ ဦးတို့သည် အားကစားနည်း(၃)မျိုးဖြစ်သော ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းတို့ ယှဉ်ပြိုင်ကစားကြပြီး၊ ဗဟိုအဆင့်တွင် ဇုန်အဆင့်မှ အနိုင်ရရှိလာသော ဘောလုံး (၄)သင်း၊ ဘော်လီဘော (အမျိုးသား) (၄)သင်း၊ ဘောလီဘော(အမျိုးသမီး) (၄)သင်း၊ ပိုက်ကျော်ခြင်း (၄)သင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြေးခုန်ပစ်ကစားနည်းကို ပညာရေးဒီဂရီ ကောလိပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်