ကိုလံဘို၊ ဖေဖော်ဝါရီ ၁၉
သီရိလင်္ကာနိုင်ငံရှိ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ ၁၃၂ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း သီရိလင်္ကာဆိပ်ကမ်းများ၊ သင်္ဘောနှင့် လေကြောင်းဆိုင်ရာဝန်ကြီး နီမယ်သီရိပါ လာဒီဆေဗာက ပြောကြားသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို ဆိပ်ကမ်းလုပ်ငန်းများမှရရှိသည့် ဝင်ငွေများမှသုံးစွဲသွားမည် ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။
ထို့ပြင် the Eastern အမည်ရှိ ကွန်တိန်နာများထားရှိရာ ဆိပ်ကမ်းတည်ဆောက်ရေးအတွက် အမေရိကန် ဒေါ်လာသန်း ၁၀၀ ကျော်နှင့် Jaya အမည်ရှိ ကွန်တိန်နာများထားရှိရာ ဆိပ်ကမ်းတို့ အတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ခွဲဝေပေးထားကြောင်း ဝန်ကြီး ဒီဆေဗာက ပြောကြားသည်။
အဆိုပါဆိပ်ကမ်းနှစ်ခုစလုံးသည် နိုင်ငံပိုင် သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ပိုင်ဆိုင်သည့် လုပ်ငန်းခွဲများဖြစ်သည်။
အထက်ပါ ရင်းနှီးမြှုပ်နှံမှုများအပြင် အစုလိုက် ကုန်တင်ကုန်ချလုပ်ငန်းများအတွက် Trincomalee ဆိပ်ကမ်းနှင့် ရွက်လှေဝန်ဆောင်မှုဖြင့် ခရီးသွားလုပ်ငန်းအတွက် Galle ဆိပ်ကမ်းကို ဖွံ့ဖြိုးတိုးတက် စေရန်နှင့် သင်္ဘောကြီးများကျောက်ချရာတွင် လွယ်ကူချောမွေ့စေရန်အတွက် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
သီရိလင်္ကာနိုင်ငံကို အိန္ဒိယသမုဒ္ဒရာအတွင်း ထောက်ပံ့ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဗဟိုချက်ဖြစ်လာရန် မျှော်လင့်ထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်