မန္တလေး၊ ဖေဖော်ဝါရီ ၁၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရှိ မြန်မာစီးပွားရေးဦးပိုင်လီမိတက်၊ အထည်ချုပ်စက်ရုံ (ပြင်ဦးလွင်) နှင့် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းတို့သို့လည်းကောင်း၊ ညနေပိုင်းတွင် မင်္ဂလာ (မန္တလေး) မြို့ပြအိမ်ရာ စီမံကိန်းသို့လည်းကောင်း သွားရောက်ကြည့်ရှုလေ့လာသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာစီးပွားရေး ဦးပိုင်လီမိတက်၊ အထည် ချုပ်စက်ရုံ (ပြင်ဦးလွင်) သို့ ရောက်ရှိ၍ SMART တံဆိပ်ဖြင့် ရှပ်အင်္ကျီများ ချုပ်လုပ်/ ရောင်းချ မှုကို ကြည့်ရှုလေ့လာပြီး ဝယ်ယူအားပေးသည်။
အောင်မြင်နေသည့်လုပ်ငန်းဖြစ်
အဆိုပါ စက်ရုံကို ၂၀၁၅ ခုနှစ်အတွင်း ကိုရီးယားနိုင်ငံထုတ် အရည်အသွေးမြင့် စက်ပစ္စည်းများ ဖြင့် တပ်ဆင်တည်ဆောက်ခဲ့ပြီး ပြည်ပနိုင်ငံများမှ အရောင်အသွေးမျိုးစုံ ပိတ်စများအား တင်သွင်းကာ Export Quality ချုပ်လုပ်ပြီး ပြည်တွင်းရှိ ကုန်တိုက်ကြီးများ အပါအဝင် လက်လီ/ လက်ကားစနစ်ဖြင့် စျေးနှုန်းသင့်တင့်ချိုသာစွာ ဖြန့်ဖြူးရောင်းချလျက်ရှိရာ နှစ်စဉ်အမြတ် ရရှိနေသော အောင်မြင်နေသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B-E Fall) သို့ သွားရောက်လေ့လာကြပြီး တနင်္ဂနွေရုံးပိတ်ရက်တွင် ပျော်ရွှင်စွာ လာရောက် အပန်းဖြေနေကြသော ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် Sky Cable Car ဖြင့် စီးနင်းလိုက်ပါကြရာ တာဝန်ရှိသူများက ၎င်းအစီအစဉ်ကို ယခုနှစ် ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)က စတင် ဖွင့်လှစ်ခဲ့ပြီး လူလေးဦး လိုက်ပါစီးနင်းနိုင်သော Sky Cable Car ၃၆ စီးကို အမြင့် ၃၄ ဒသမ ၈ မီတာခန့်တွင် တိုင်ခြောက်ခုဖြင့် အရှည် ၅၅၃ ဒသမ ၆၄၂ မီတာကို သွယ်တန်း တပ်ဆင်ထားကြောင်း၊ အသွား/အပြန် စီးနင်းရန် စီစဉ်ထားရာ အသွား/ အပြန် ကြာချိန် ၁၂ မိနစ်စီဖြင့် ၂၄ မိနစ်ကြာ စီးနင်းနိုင်ပြီး ၎င်းအတွက် တစ်ဦးလျှင် ငွေကျပ်ငါးထောင်နှုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ရုံးပိတ်ရက်များတွင် လူဦးရေ တစ်သောင်းခန့်နှင့် ကျန်ရက်များ တွင် ၄၅၀ ခန့် စီးနင်းကြကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မှန်တံတားပေါ် လမ်းလျှောက်ခြင်း၊ ဆင်လိမ္မာလေးများ စွမ်းရည်ပြသခြင်းတို့ကို ကြည့်ရှုပြီး ရုံးပိတ်ရက်၌ အပန်းဖြေစခန်းအတွင်း အများပြည်သူ အပန်းဖြေခြင်း၊ ကလေးများ ပျော်ရွှင်စွာ ကစားနေခြင်းတို့ကို ကြည့်ရှုကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆင့်မြှင့်တင်ဆောင်ရွက်
ပွဲကောက်ရေတံခွန်အပန်းဖြေ စခန်း (B-E Fall) ကို ယခင်မြေအကျယ် ၃၇ ဧကခန့် ပေါ်တွင် တည်ဆောက်ထားရာမှ ၁၃ ဧက ထပ်မံတိုးချဲ့ပြီး စုစုပေါင်းဧက ၅၀ ခန့်ပေါ်တွင် နိုင်ငံတကာ အဆင့်မီ အပန်းဖြေစခန်းများကဲ့သို့ မြေယာရှုခင်း အလှပြုပြင်ခြင်းများ အပါအဝင် အဆင့်မြှင့်တင်ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း သိရသည်။

လှည့်လည်ကြည့်ရှုလေ့လာ
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်္ဂလာ (မန္တလေး)အဆင့်မြင့်အိမ်ရာ ဖွံ့ဖြိုးမှု စီမံကိန်းသို့ရောက်ရှိပြီး စီမံကိန်းဧရိယာအတွင်း လုံးချင်းအိမ်ရာ၊ ကွန်ဒိုတိုက်ခန်းများ၊ အငှားအိမ်ရာ၊ ယာယီ ယာဉ်ရပ်နားစခန်းနှင့် နေအိမ် / ဆိုင်ခန်းများ စုဖွဲ့တည်ဆောက်ထားရှိမှု၊ နေအိမ်/ဆိုင်ခန်းဧရိယာအတွင်း ညစျေးခင်းကျင်းရောင်းချမှုနှင့် မန္တလေးကုန်သည်ကြီးများ အသင်းက စျေးရောင်းပွဲတော် သုံးရက်တာ ပေါင်းစပ်၍ ခင်းကျင်းရောင်းချမှုတို့ကို လှည့်လည်ကြည့်ရှုလေ့လာသည်။
အဆိုပါစီမံကိန်းကို ၂၀၁၂ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး ခဲ့ရာ လုံးချင်းအိမ်ရာများ၊ ကွန်ဒိုတိုက်ခန်းများ၊ နေအိမ်/ဆိုင်ခန်းများအားလုံး ရောင်းချပြီး ဖြစ်သော်လည်း အငှားအိမ်ရာအား ဆောက်လုပ်ဆဲဖြစ်ပြီး ပြီးစီးပါက ရုံးခန်းများ အသုံးပြုနိုင်ရေး ငှားရမ်းသွားရန် စီစဉ်ထားရှိကြောင်း၊ ဟိုတယ်လုပ်ငန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု အလွန်ကာလရောက်ရှိချိန်မှစ၍ လည်ပတ်နေပြီဖြစ်ကြောင်း၊ ယာယီယာဉ်ရပ်နား စခန်းနေရာမှာလည်း ခရီးဝေးလာရောက်သည့် ယာဉ်များရောက်ရှိ အသုံးပြုနေပြီဖြစ်ကြောင်း၊ New Star Light ကုမ္ပဏီ အနေဖြင့် စီမံကိန်းဧရိယာအတွင်း လုံခြုံရေး၊ သန့်ရှင်းရေး၊ မြေယာ ရှုခင်းသာယာလှပရေး၊ ကျန်းမာရေးနှင့် စက်မှု/ ဆောက်လုပ်ရေးဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေး၍ ဝန်ဆောင်မှုပေးနိုင်သဖြင့် အောင်မြင်မှုရရှိနေပြီး မန္တလေးမြို့တော် ဖွံ့ဖြိုး တိုးတက်မှုတွင် အရေးပါသည့် ကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်