နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၃၀) တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က ကော်မရှင်ရုံးအနေဖြင့် ဝန်ထမ်းများ ရုံးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ရာတွင် ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ခေါ်ယူသည့်သင်တန်းများသို့လည်း ဝန်ထမ်းများ စေလွှတ်တက်ရောက်စေခြင်း၊ ဌာနတွင်းသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားလာစေမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ ယနေ့ခေတ်သည် Information and Communications Technology ခေတ်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ကွန်ပျူတာနည်းပညာမှာ မဖြစ်မနေ သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ ရုံးလုပ်ငန်း ဆောင်ရွက်သည့်အခါတွင် ရုံးစာရေးသားနည်းမှာ အဓိကပဓာနအကျဆုံးဖြစ်သည့်အတွက် စနစ်ကျသည့် ရုံးလုပ်ငန်း၊ အောင်မြင်ပြီးမြောက်သည့် ရုံးလုပ်ငန်းတစ်ခု ဖြစ်စေရန်အတွက် ကွန်ပျူတာမှာ တစ်ထောင့်တစ်နေရာမှ အရေးပါသည့် ကိရိယာတစ်ခုပဲ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ နေ့စဉ်ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း။
မိမိတို့၏ စာရင်းဇယားတွက်ချက်မှုများတွင် ပိုမိုကောင်းမွန် မြန်ဆန်သော စနစ်ကို အသုံးပြုနိုင်လာခြင်း၊ စာရင်းအင်းများ မှန်ကန်မှုရှိခြင်း၊ မြန်ဆန်တိကျသော ဆုံးဖြတ်ချက်များချနိုင်ပြီး အချိန်ကုန်သက်သာစွာ တွက်ချက်မှုများ ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း၊ ထို့အတွက်သင်တန်းမှ ရရှိလာမည့် အခြေခံအချက်များမှတစ်ဆင့် ကျွမ်းကျင်ပိုင်နိုင်သော ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်လာအောင်လည်း စဉ်ဆက်မပြတ် လေ့လာသွားကြရန် တိုက်တွန်းပြောကြားသည်။
ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို ယနေ့မှ မတ် ၁၄ ရက်အထိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ နည်းပြများက သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်