နေပြည်တော် ဖေဖော်ဝါရီ ၂ဝ

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်တာဝန်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်၊ စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်၊ ဆီ၊ ပဲ ဖူလုံရေးအတွက် အဓိကတိုင်းဒေသကြီးတစ်ခု ဖြစ်သည့်အလျှောက် အထွက်နှုန်း မြင့်မားရေး လေးလေးနက်နက် ဆောင်ရွက်ရန်ဖြစ်ကြောင်း သဖန်းဆိပ်ဆည်ရေသောက် ဧရိယာတွင် ဆောင်ရွက်မည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းဖြစ်သည့် နွေစပါးစိုက်ပျိုး‌ရေးလုပ်ငန်းကို အားထုတ် ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှ ဌာနများသည် နိုင်ငံတော်အတွက် အခွန်ဝင်ငွေရရှိရေးတွင်လည်း အရေးကြီးကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် အင်းလုပ်ငန်းတင်ဒါများမှ ဝင်ငွေရကြောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အနေဖြင့် စာချုပ်စာတန်း မှတ်ပုံတင်ကြေးနှင့် လယ်ယာမြေ ပုံစံ (၇) ပြုလုပ်ခြင်းမှ အခွန်ငွေများရရှိကြောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ရေခွန်များ ကောက်ခံရကြောင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်များ စစ်ဆေးကုသခြင်းနှင့် ထောက်ခံချက်ပေးခြင်းဖြင့် ဝင်ငွေအခွန်များ ကောက်ခံရရှိပြီး ၎င်းအခွန်ငွေကောက်ခံမှုများ ရာနှုန်းပြည့် ကောက်ခံရရှိပြီး နိုင်ငံတော်ဝင်ငွေတိုးပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသော တိုင်းဒေသကြီးအတွင်းရှိ တာဝန်ခံများက မိမိတို့သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့သည် စိုက်ပျိုးရေးဦးစီးဌာနတွင် ခင်းကျင်းပြသထားသော ပျိုးပင်များပြခန်း၊ မျိုးစေ့ပြခန်း၊ ပိုးမွှားကာကွယ်ရေး ပြခန်းတို့ကို ကြည့်ရှုစစ်ဆေးကြသည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောက္ကာလမ်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးတွင် ဆောင်ရွက်လျှက်ရှိသော နဂျီသုတေသန ဓာတ်ခွဲခန်းကို ဝင်ရောက်ကြည့်ရှုပြီး နဂျီများ ကျယ်ပြန့်စွာ မွေးမြူရန်နှင့် နဂျီမွေးမြူခြင်းအားဖြင့် ဓာတုပိုးသတ်ဆေး အသုံးပြုမှုကို လျှော့ချနိုင်ပြီး ကုန်ကျစရိတ်သက်သာကာ အထွက်နှုန်းပိုမိုရရှိနိုင်သဖြင့် ဖိဖိစည်းစည်း ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မှိုမျိုးစေ့ထုတ် သုတေသနဓါတ်ခွဲခန်းသို့ ရောက်ရှိပြီး မှိုမျိုးစေ့များ ထုတ်လုပ်နေမှုများကို ကြည့်ရှုပြီး အရည်အသွေးကောင်းမွန်၍ ဈေးနှုန်းချိုသာစွာဖြင့် မှိုစိုက်ပျိုးသူတောင်သူများထံ ဖြန့်ဝေနိုင်ရေး စဉ်ဆက်မပြတ် မျိုးစေ့ထုတ်လုပ်ရန် မှာကြားသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နန္ဒဝန်ရပ်ကွက်၊ စိုက်ပျိုးရေးဦးစီးဌာန သုတေသနဓါတ်ခွဲခန်းသို့ ရောက်ရှိပြီး မျိုးစေ့ဓါတ်ခွဲခန်း၊ ပိုးမွှားကာကွယ်ရေး ဓါတ်ခွဲခန်း၊ မြေအသုံးချရေး ဓါတ်ခွဲခန်းနှင့် သုတေသန စိုက်ခင်းများကို ကြည့်ရှုပြီး တက်ရောက်လာသည့် ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်စည်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။ 

သတင်းစဉ်