နိုင်ငံ၏ လူမှုစီးပွားဘဝ တိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံ့လူဦးရေ၏  ၇၀ ရာခိုင်နှုန်းခန့် နေထိုင်ကြသော ကျေးလက် ဒေသများက အရေးကြီးသည်။ လူမှုစီးပွားဘဝဟုဆိုရာတွင် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့ ပါဝင်ရာ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ပညာရေးအားနည်းချက်များကို တွေ့ရှိရသဖြင့် နိုင်ငံတော်က ပညာရေးမြှင့်တင်ပေးမှုကို  ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် ကျေးလက်ဒေသနေ ကျောင်းနေအရွယ်ကလေးများ၏ ပညာရေးအားနည်းမှုများကို    အလေးထားမြှင့်တင်ပေးခြင်းသည်   နိုင်ငံ၏အဓိက လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးလာစေမည်ဖြစ်သည်။

 

မိမိတို့နိုင်ငံတွင် မူလတန်းပညာရေးကို မသင်မနေရအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  ပြဋ္ဌာန်းထားရာ  ပြောင်းလဲလာ သည့် ခေတ်အခြေအနေနှင့် နည်းပညာလိုအပ်ချက်အရ KG+9 အထိ မသင်မနေရအဖြစ် သတ်မှတ်၍ ပညာရေးကိုမြှင့်တင်လျက်ရှိသည်။  KG+9  အလယ်တန်းအဆင့်  ပြီးမြောက် အောင်မြင်ပြီးနောက် ပညာဆက်လက်သင်ယူမည့် ကျောင်းသူ ကျောင်းသားများအနေဖြင့် (၁) အခြေခံပညာအထက်တန်း အဆင့်၊ (၂) စက်မှုနည်းပညာ၊ (၃) စိုက်ပျိုးရေးအတတ်ပညာ၊  (၄)  မွေးမြူရေးအတတ်ပညာဟူ၍  ပညာရေးလမ်းသွယ် လေးမျိုးအနက် တစ်မျိုးမျိုးကို ရွေးချယ်သင်ယူနိုင်ကြမည် ဖြစ်သည်။  အလယ်တန်းအဆင့် (Grade 9)   ပြီးမြောက် အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ် များ သင်ယူလေ့ကျင့်ခွင့် ရရှိနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီးသီးတွင်ရှိ ခရိုင် ၅၀ ၏ မြို့နယ်များတွင် အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်း၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်မှစတင်၍ တွဲဖက် ဖွင့်လှစ်သွားတော့မည်ဖြစ်သည်။

 

အခြေခံပညာအလယ်တန်းအဆင့် (Grade 9) အောင်မြင်ပြီးနောက် အခြေခံပညာအထက်တန်းအဆင့် ဆက်လက်သင်ယူကြသည့် ကျောင်းသူ ကျောင်းသားများသည် ပညာသင်ကာလ   (၃)နှစ်  တက်ရောက်၍  သက်ဆိုင်ရာဘာသာတွဲ အလိုက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးပါက အသက်မွေး ဝမ်းကျောင်းတက္ကသိုလ်၊ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တို့သို့ ဆက်လက်တက်ရောက် နိုင်ကြမည်ဖြစ်သည်။ အလယ်တန်းအဆင့် အောင်မြင်ပြီး စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာများကို သင်ယူသည့် ကျောင်းသူ ကျောင်းသားများသည် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်များအပြင် အထူးပြုဘာသာရပ်များအဖြစ်  သင်ယူ ကြရမည်ဖြစ်ရာ  အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူ တတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ရရှိလာမည်ဖြစ်သည်။

 

“နိုင်ငံသားတိုင်း   လူတန်းစေ့    နေထိုင်ရှင်သန်နိုင်ရန် အတွက် အနည်းဆုံးအတတ်ပညာ တစ်ခုခုကို တတ်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊   ထို့အတွက်    နိုင်ငံ့လူဦးရေ၏ ၇၀  ရာခိုင်နှုန်းကျော်ဖြစ်သည့်   ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးအတွက် လာမည့်ပညာသင်နှစ် မှစ၍ ခရိုင် ၅၀ တွင် အထက်တန်းကျောင်း တစ်ကျောင်းစီကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာ ပညာရပ်များကို တွဲဖက်သင်ကြားပေးမည် ဖြစ်ပါကြောင်း၊ အလားတူ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူရရှိစေရန် ရည်ရွယ်ပြီး အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားသည့် ကျောင်းများကို လည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သတ်မှတ်အရည်အချင်း ပြည့်မီပါက သက်ဆိုင်ရာ တက္ကသိုလ်များ၌ အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာ ဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်နှင့်အညီ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းသူ ကျောင်းသားများအတွက် ပညာရေးအခွင့်အလမ်းများ ပေါ်ပေါက်လာပြီဖြစ်ရာ နိုင်ငံသားများ၏ ပညာရေးအားနည်းချက်များကို အားဖြည့်ပေးနိုင်မည် ဖြစ်သကဲ့သို့ လူ့စွမ်းအား အရင်းအမြစ်ကိုလည်း တန်ဖိုးမြင့်မား လာစေမည်ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း