မြန်မာနိုင်ငံသည် နှစ်လိုဖွယ်ရာကောင်းသော သဘာဝပတ်ဝန်းကျင်နှင့်သင့်တင့်မျှတသော ရာသီဥတုကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ အရောင်အသွေးစုံလင်လှသော တိုင်းရင်းသားလူမျိုးစုများသည် သာယာလှပကောင်းမွန်မျှတသည့် ဒေသအသီးသီးတွင် ရှေးပဝေသဏီကတည်းက အေးချမ်းစွာနေထိုင်ခဲ့ကြသည်။ သာယာလှပသည့်  ပြည်နယ်ဝန်းကျင်တစ်ခွင်  ငြိမ်းချမ်းမှုအပေါင်းနှင့်  ထုံမွှမ်းထားလျှင် ဖွံ့ဖြိုးဝေဆာသည့် ဒေသတစ်ခုအဖြစ် တင့်တယ်စွာရပ်တည်နိုင်မည်ဖြစ်သည်။

 

ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းပြီး အဘက်ဘက်၌ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်အစိုးရတွင် တာဝန်ရှိသလို ဒေသခံတိုင်းရင်းသားပြည်သူအပေါင်းတို့ကလည်း မိမိတို့ဒေသအေးချမ်းသာယာ ဝပြောရမည်ဟူသည့် ခံယူချက်ဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်မှသာ မျှော်မှန်းသည့်အတိုင်း အကောင်အထည် ပေါ်လာမည်ဖြစ်သည်။    သာဓကအားဖြင့်   ချင်းပြည်နယ်သည် မြင့်မားသော တောင်တန်းများကြားတွင်  တောင်ဇလပ်ပန်းများ  အမြဲတစေပွင့်လန်းဝေဆာပြီး အေးချမ်းသာယာကာ တင့်တယ်လှပသည့်ပြည်နယ်ဖြစ်သည်။ ချင်းတိုင်းရင်းသားတို့သည် စည်းလုံးညီညွတ်စွာဖြင့် အတူလက်တွဲနေထိုင်ကြပြီး ပြည်ထောင်စုကြီး အပေါ်ကျရောက်လာသည့် အန္တရာယ် ရန်စွယ်များကို မျိုးချစ်စိတ်ဓာတ်ဖြင့် လက်တွဲတွန်းလှန်ခဲ့ကြသည်။

 

သို့သော် လက်ရှိအချိန်အခါတွင် ချင်းပြည်နယ်ဒေသအချို့အပါအဝင် နိုင်ငံ၏နေရာအချို့၌ ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များ ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ တည်ငြိမ် အေးချမ်းမှုကိုဖျက်ဆီးခြင်းသည် မိမိဒေသကို မိမိကိုယ်တိုင် ပြန်လည်ဖျက်ဆီးနေခြင်းဖြစ်သည်။ ပင်ကိုအားဖြင့်  အေးချမ်းစွာနေထိုင်တတ်သော တိုင်းရင်းသားပြည်သူများကြားတွင် အဖျက်အမှောင့်ပယောဂများ ပူးကပ်စိမ့်ဝင် ပျံ့နှံ့စေခဲ့သည်။ ပြည်ထောင်စုကြီး စည်းလုံးညီညွတ်နေမည်၊ ဖွံ့ဖြိုးတိုးတက်နေမည်ကို မလိုလားသော  ပြည်ပနိုင်ငံကြီးအချို့နှင့်  ပြည်ပဩဇာခံအဖွဲ့အစည်းများ၊  နိုင်ငံ့အကျိုးကို ပစ်ပယ်၍ အာဏာရရှိရေးနှင့် ကိုယ်ကျိုးအတ္တ ရှေ့တန်းတင်ပြီး အလုံးစုံပျက်စီးရေးကို ပြုလုပ်နေသူများကြောင့် သာယာလှပသည့် ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်း သာယာဝပြောရေးမှာ အလှမ်းဝေးနေသည်။

 

ထိုသို့ ပြည်ထောင်စုကြီးအတွင်း တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုကို ပျက်စီးစေသည့် အကြောင်းရင်း အမှန်တရားကို သိရှိနားလည်သဘောပေါက်ပြီး ပြည်ထောင်စုကြီးပြိုကွဲအောင်  ဖန်တီးလုပ်ဆောင်နေသူများ၊  အဖျက်အမှောင့်ပယောဂများကို ကြံစည်နေသူများ၊ ပြည်နယ် တည်ငြိမ်အေးချမ်း သာယာဝပြောမှုကို ဖျက်ဆီးနေသူများအား သတိမူကြပြီး ဝိုင်းဝန်းတိုက်ဖျက်ကြကာ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှုနှင့်  တရားဥပဒေစိုးမိုးမှုသည်  နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ဆောက်မှုအတွက် အရေးကြီးသည့်အချက်များဖြစ်သည်။ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ ပုံမှန်အခြေအနေသို့ရောက်အောင် ထိန်းသိမ်းမြှင့်တင်ပြီးမှသာ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးအတွက် ရှေ့ဆက်ရမည့်လုပ်ငန်းတာဝန်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်တာဝန်ယူထားရသည့် သတ်မှတ်ကာလအတွင်း  နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေးဦးတည်ချက် (၁၂) ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်း အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်သည်။ ပြည်တွင်း/ ပြည်ပ ငြိမ်းချမ်းသာယာဝပြောမှုကို ရှေးရှုဆောင်ရွက်နေသည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာနှင့်လည်းမိတ်ဝတ်မပျက်  ခင်မင်ရင်းနှီးစွာ ဆက်ဆံလျက်ရှိသည်။  ထိုသို့ဆောင်ရွက်နေခြင်းသည် ပြည်ထောင်စုကြီးတစ်ခုလုံး  ဖွံ့ဖြိုးတိုးတက်လာစေရန်  ရှေးရှုဆောင်ရွက်နေခြင်း ဖြစ်သည်။ ပြည်ထောင်စုကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူအပေါင်းတို့က စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသည်ဟု ခံယူပြီး ယင်းကိုအလေးထားကြိုးပမ်း ဆောင်ရွက်နေသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ကြိုးပမ်းဆောင်ရွက်နေသည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်ထားသော  ပြည်ထောင်စုကြီး  တည်ငြိမ်အေးချမ်း  သာယာဝပြောပြီး  ဖွံ့ဖြိုးတိုးတက်ရေး၊  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။

 

ကြေးမုံ