မြိတ် ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိတ်တက္ကသိုလ်နှင့် မြိတ်ခရိုင် လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူငယ်အချင်းချင်း အသိပညာ အတတ်ပညာတွေ ဖလှယ်တတ်စေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုများရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှားအမှန်ခွဲခြားတတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် တိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဦးစွာ မြိတ်တက္ကသိုလ် ရုက္ခဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာယဉ်ယဉ်မြက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရှေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါခိုင်က လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ခရိုင်လူငယ်ရေးရာကော်မတီမှ အားကစားမှူး ဦးထွန်းရှိန်က လူငယ်နှင့်အားကစား အကြောင်းအရာများကို ဆွေးနွေးပြောကြား၍ စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့သည်။
စကားဝိုင်းဆွေးနွေးပွဲတွင် လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်မီဒီယာ၊ လူငယ်နှင့်နည်းပညာ စသည့် ခေါင်းစဉ်များဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ချိုချိုစန်းက Moderator ဖြင့် ဆောင်ရွက်၍ တက္ကသိုလ် ကျောင်းသား/ကျောင်းသူ (၆)ဦး ပါဝင်ဆွေးနွေးခဲ့ကြကာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများမှ ဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)