နေပြည်တော် ဖေဖော်ဝါရီ ၂၁

ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဗဟိုကြီးကြပ်ရေး အဖွဲ့လုပ်ငန်းညှိနှိုင်း အစည်အဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး (Early Childhood Care and Development - ECCD) လုပ်ငန်းများသည် ကျယ်ပြန့်နက်ရှိုင်းပါကြောင်း၊ဝန်ကြီးဌာနများအနေဖြင့် နေ့ကလေးထိန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများ၊ ရပ်ရွာ အခြေပြုနှင့် အိမ်အခြေပြုလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် စီမံကိန်းများတွင် ထည့်သွင်းဆောင်ရွက်လျက်ရှိသော်လည်း ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအပါအဝင် ECCD လွှမ်းခြုံမှုသည် (၂၄ ဒသမ ၃၇) ရာခိုင်နှုန်း သာရှိသဖြင့် ရာခိုင်နှုန်းအားဖြင့်နည်းပါးကြောင်း၊ မူကြိုဆရာဖြစ်သင်တန်းများ တိုးချဲ့ဖွင့်လှစ်၍ မူကြိုဆရာမများ၊ ကလေးပြုစုစောင့်ရှောက်သူများနှင့် နည်းပြများကို ယခုထက် ပိုမို၍သင်ကြားလေ့ကျင့် မွေးထုတ်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ထောက်ပံ့ရေးလုပ်ငန်းစဉ်များ၊ ECCD ဆိုင်ရာဗဟိုကြီးကြပ်ရေးအဖွဲ့ ဘဏ္ဍာရေးလုပ်ထုံး လုပ် နည်းရေးဆွဲထားရှိမှုနှင့် မူကြိုဆရာမ၊ နေ့ကလေးထိန်းဆရာမ အလုပ်အကိုင်များအတွက် မြန်မာ နိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) အသိအမှတ်ပြု လက်မှတ်ရရှိ ရေးအတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များက ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းသုံးသပ် အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းလမ်းများနှင့်အညီ ကလေးသူငယ်များအားလုံး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်