နေပြည်တော်  ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို ရေးသားပြုစုနိုင်ရန်အတွက် မဏ္ဍိုင်တစ်ရပ်ဖြစ်သည့် ကျောက်ခေတ်ဆိုင်ရာ အထောက်အထားများ ဆွေးနွေးပွဲကို ယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မြန်မာ့ သမိုင်းအဖွဲ့ပညာရှင်များ၊  ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေ သနနှင့်အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ကာကွယ်ရေးဝန်ကြီးဌာန မှ ပညာရှင်များနှင့် ကျောက်ခေတ်သုတေသန လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန၏ ကွင်းဆင်းသုတေသနပြုလုပ်ချက်များအရ ယခင်က မတွေ့ရှိခဲ့သော ကျောက်ခေတ် လယ်နှင့် မဟာသေလာယဉ်ကျေးမှု စသည့်အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ လေ့လာတွေ့ရှိချက်အသစ်များအပေါ် မူတည်၍ရေးသားမှုအပိုင်းတွင်လည်း ယခင် ရေးသားချက် များကို ပြန်လည်ပြင်ဆင်ရေးသားရန်လိုအပ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲသို့ တက်ရောက်လာသူ များအနေဖြင့် မိမိတို့လေ့လာတွေ့ရှိ ထားသော အထောက်အထားများ၊ တွေ့ရှိချက်များအပေါ်တွင် ပူးပေါင်းပါဝင်ဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက်  ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း(ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က မြန်မာနိုင်ငံ ကျောက်ခေတ်နှင့် ပတ်သက်၍ ကိုယ်တိုင်ကွင်းဆင်း လေ့လာမှုများမှ တွေ့ရှိချက်တို့ကိုစုစည်းပြုစုထားသည့် "မြန်မာ့ကျောက်ခေတ်" အကြောင်းကိုလည်းကောင်း၊ ဂူနေလူသားမှသည် ကျောက်ခေတ်သစ်တည်ထောင်လာခြင်းနှင့် လူနေမှုအဆင့်အတန်းများ အဆင့် ဆင့်တိုးတက် ပြောင်းလဲလာမှုတို့ကို ရေးသားပြုစုထားသည့် မြန်မာသမိုင်းအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှ၏ "ဂူနေလူသားမှသည်  ကျောက်ခေတ်သစ်ဆီသို့" စာတမ်းကို သမိုင်းသုတေ သနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ  ကိုယ်စားလှယ်တစ်ဦးက ဖတ်ကြားပြီး တက်ရောက် လာသူများက သိရှိလိုသည်များနှင့် ထပ်မံဖြည့်စွက်လိုသည်များကို ဆွေးနွေးကြသည်။

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က နောင်တွင်ကျင်းပမည့် ဆွေးနွေးပွဲများတွင် တစ်စပ်တစ်ဆက်တည်းသော သမိုင်းစဉ်ကို အပြီး သတ် ထုတ်ဝေနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောြကားပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာ စကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်