ဖေဖော်ဝါရီ ၂၂

ဘရာဇီးနိုင်ငံဆောပိုလိုပြည်နယ်ကမ်းရိုးတန်းဒေသတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်ပိုင်းအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၄၄ ဦးအထိမြင့်တက်လာပြီး  လူ ၄၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအစိုးရအဖွဲ့က ယမန်နေ့က ပြောကြားသည်။

ဆောပိုလိုအစိုးရအဖွဲ့၏ထုတ်ပြန်ချက်အရ ဆာအိုစီဘတ်တီအိုမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေပြိုမှုဖြစ်ပွားကာ ၄၃ ဦးနှင့် ဉဘတ်ဉဘာပင်လယ်ကမ်းခြေအပန်းဖြေနေရာတွင် တစ်ဦးတို့သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါမြေပြိုမှုများဖြစ်ပွားသောကြောင့် လူပေါင်း ၂၄၀၀ ကျော်မှာ ၎င်းတို့၏နေအိမ်များပျက်စီးခဲ့သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုမြေပြိုမှုသည် ပွဲတော်ရက်များအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများသို့ဦးတည် နေသည့်လမ်းများနှင့် အဝေးပြေးလမ်းမများပျက်စီးခဲ့သဖြင့် အသွားအလာဆိုင်းငံ့ထားရာ နိုင်ငံခြားခရီးသွားများမှာ ယင်းနေရာမှာပင် သောင်တင်နေခဲ့ကြသည်ဟု သိရသည်။

ဆာအိုစီဘတ်တီအို၊ ဉဘတ်ဉဘာ၊ ဂါယူဂျာ၊ ဘာတီအိုဂါ၊ အီဟာဘီလာနှင့် ကာရာဂါတာတူဘာမြို့များသည် သဘာဝဘေးဒဏ်အများဆုံးခံရသောဒေသများဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို