မောင်တော ဖေဖော်ဝါရီ ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ ၂၁ ရက်က သက်ဆိုင်ရာ စာစစ်ဌာနတွင် ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းနှင့် အထက(တောင်ပြို)တို့၌ စာစစ်ဌာန ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်း တက္ကသိုလ် ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား ကျောင်းသူ အတွဲ(၁)တွင် ၂၄၉ ဦး၊ အတွဲ(၂)တွင် ၂၆၁ ဦး၊ အတွဲ (၇)တွင် ၆၀၈ ဦး၊ အတွဲ(၈)တွင် သုံးဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၁၂၁ ဦး ရှိပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ကတ်များအား သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဘာသာတွဲအလိုက် စာမေးပွဲဖြေဆိုချိန် မတိုင်မီအချိန်ထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ဖြေဆိုခွင့်ကတ် ထုတ်ယူရာတွင် ကျောင်းသား ကျောင်းသူများ အနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ တစ်ပုံ၊ ရပ်ကွက်ထောက်ခံစာ(မူရင်း)များ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်အနေဖြင့် ယခင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် ကျောင်းသား ကျောင်းသူ ၁၂၉၆ ဦး ရှိပြီး အောင်မြင်သူ ၄၇၀ ရှိကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ ၃၆ ဒသမ ၂၇ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)