ရွှေတောင် ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ရွှေတောင်မြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်းကျေးရွာ ကွင်းအမှတ်(၄၂၁) မင်းရွာကွင်း နွေစပါး Drum Seeder ဧက(၁၀၀) စံပြကွက်စိုက်ပျိုးထားရှိမှု အခြေအနေနှင့် Ten Roll Seeder ဖြင့် စိုက်ပျိုးနေမှုအခြေအနေများ၊ ဝါးတောကျေးရွာအုပ်စု၊ ဖားအိုင့်ကျေးရွာရှိ ဦးစိုးမင်းထွန်း၏ အသားတိုးမွေးမြူရေးဝက်ခြံတွင် ဝက်ကောင်ရေ(၁၂၀) မွေးမြူထားရှိမှုအခြေအနေများ၊ ကံသုံးဆင့်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၇၉) ရွာကုန်းရှိ မြေဧက(၁၀၀)ပေါ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အသေးစားမွေးမြူရေးဇုန် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေး မြေနေရာလျာထား ရွေးချယ်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မယားမာန်ကျေးရွာအုပ်စု၊ သမိုင်းဝင်ရွှေနတ်တောင် စေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းနေမှု အခြေအနေနှင့် နှစ်ထပ်စိန်ဖူးတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့သို့ အလှူငွေကျပ် သိန်း(၂၀) လှူဒါန်းခဲ့သည်။
ထို့နောက် ကြာနီကန်ရပ်ကွက်၊ အ.ထ.က ရွှေတောင်ကျောင်းဝန်းအတွင်း အစိုးရနည်းပညာ အထက်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ဆောက်လုပ်နေမှုအခြေအနေနှင့် နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်းကျေးရွာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် (၄၈၆)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး လုပ်ပိုင်ခွင့်ရရှိခဲ့သည့် Myanmar Land Co., Ltd မှ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရွှေတောင်ရေလမ်း ကောင်းမွန်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါကွင်းဆင်းခဲ့ပြီး လုပ်ငန်းတစ်ခုချင်းစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ထပ်မံဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)