ဖေဖော်ဝါရီ ၂၃
မာဒါဂက်စကာနိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီတိုက်ခတ်မှုကြောင့် လူလေးဦးထက်မနည်းသေဆုံးပြီး လူပေါင်း ၁၁၀၀၀ သည် ၎င်းတို့၏နေအိမ်များမှ စွန့်ခွာထွက်ပြေးကြရကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါမုန်တိုင်းသည် မာနန်ဂျရီမြို့အနီးသို့မရောက်မီ အားပျော့သွားသော်လည်း လေပြင်းများတိုက်ခတ်ခဲ့သည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရတ်၏ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က ဆိုသည်။
ထိုမုန်တိုင်းတိုက်ခတ်မှုကြောင့် အဓိကအားဖြင့် ဗာတိုဗာဗီဒေသတွင် နေအိမ်အလုံးပေါင်း ၄၅၀၀ ကျော် ရေလွှမ်းမိုးမှု၊ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းမုန်တိုင်းကြောင့်နေရပ်စွန့်ခွာထွက်ပြေးကြသူဦးရေ ၇၀၀၀ ခန့်အားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်မှုများစတင်လုပ်ဆောင်နေကြောင်း ဒူဂျာရစ်က ပြောကြားသည်။
ဖရက်ဒီမုန်တိုင်းသည် မာဒါဂတ်စကာသို့ဝင်ရောက်တိုက်ခတ်ပြီးနောက် မိုဇမ်ဘစ်ကမ်းရိုးတန်းကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ဝင်ရောက်မတိုက်ခတ်မီ ပြန်လည်အားကောင်းလာနိုင်ဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။
ကုလသမဂ္ဂနှင့်၎င်း၏မိတ်ဖက်အဖွဲ့တို့က မုန်တိုင်းဒဏ်ခံရသောဒေသခံများအား စားစရာများ၊ အစာအာဟာရများနှင့် အရေးပေါ်ဆက်သွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်း ၎င်းကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို