ဖေဖော်ဝါရီ ၂၃

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း ဘာဒက်ခ်ရှန်ပြည်နယ်ရှိ ကျေးရွာနှစ်ရွာတွင် နှင်းထုပြိုကျမှုကြောင့် နေအိမ်အလုံး ၃၀ ပျက်စီးခဲ့ပြီး မိသားစုဝင် လေးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားသည်။

ထိုပြည်နယ်ရှိ ကိုဖဘ်ခရိုင်တွင် ယမန်နေ့က နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အကူအညီလိုအပ်လျက်ရှိသည့် မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် ငွေကြေးများပေးပို့ခဲ့သည်ဟု သဘာဝဘေးစီမံခန့်ခွဲမှုနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး မိုဟာမက် အာရမ်အာဘာရီ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်လအတွင်း နိုင်ငံတစ်ဝန်းတွင် ဆီးနှင်းများထူထပ်စွာကျဆင်းမှု၊ ရာသီဉတုအေးခဲမှုနှင့် နှင်းထုပြိုကျမှုတို့ကြောင့် ကလေးများအပါအဝင် လူ ၂၀၀ နီးပါးသေဆုံးခဲ့ကြောင်းနှင့် ၎င်းသေဆုံးသူများတွင် ဘာဒက်ခ်ရှန်ပြည်နယ်တစ်ခုတည်းကပင် လူ ၃၀ ကျော်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟုဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို