ဖေဖော်ဝါရီ ၂၄
အမေရိကန်နိုင်ငံရှိ ကယ်လီဖိုးနီးယားပြည်နယ်သည် လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် သေဆုံးမှုအများဆုံးပြည်နယ်ဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များ၏ ယမန်နေ့ကထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါပြည်နယ်တွင် လူဦးရေ သန်း ၄၀ နီးပါးရှိကြောင်းနှင့် ထိုရောဂါကူးစက်မှုကြောင့် ယနေ့အထိ ၁၀၀၁၈၇ ဦးသေဆုံးခဲ့ကြောင်း ယင်းပြည်နယ်ကျန်းမာရေးဦးစီးဌာနကအချက်အလက်ဖော်ပြထားသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ထပ်မံသေဆုံးမှုနည်းပါးစေရန် အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုဗစ်ရောဂါကာကွယ်ဆေးများနှင့်ကုသဆေးများပေါများလင့်ကစား ကယ်လီဖိုးနီးယားပြည်နယ်တွင် ပျမ်းမျှအားဖြင့် ယင်းရောဂါဖြင့် နေ့စဉ်သေဆုံးသူဦးရေ ၂၀ ကျော်ရှိနေဆဲဖြစ်သည်ဟု သိရသည်။
ထိုပြည်နယ်သည် အမေရိကန်နိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်မှုအရေအတွက်အများဆုံးပြည်နယ်ဖြစ်ပြီး ၎င်းရောဂါကူးစက်မှု ၁၁ ဒသမ ၁ သန်းကျော်ရှိကြောင်း ထိုဌာန၏နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို