ရန်ကုန် - ဖေဖော်ဝါရီ ၂၄
သတင်း၊ ဓာတ်ပုံ-ဇော်မင်းလတ်(MNA)
ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ် အောင်မြေရှိ ချမ်းသာကြီး တန်ဆောင်း၌ကျင်းပသည်။
အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့်ပင့်သံဃာတော် အရှင်သူမြတ်များကြွရောက်တော်မူကြပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးအကျိုးတော်ဆောင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဂေါပက ရုံးဝန်ထမ်းများတက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအကျိုးတော်ဆောင်များ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများက နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များကို ရွှေတိဂုံစေတီတော်ရင်ပြင်၌ လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြသည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ဘာသာရေးအကျိုးတော်ဆောင် ဦးဌေးအောင်က ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ကုသိုလ်တော်အတူပြုရန်အတွက် နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ဖိတ်ကြားသည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ တိပိဋကဓရ ပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတ ထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည် ကြသည်။
ထို့နောက် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးကိစ္စနှင့်စပ်လျဉ်း၍ အလှည့်ကျသဘာပတိ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်က ဗုဒ္ဓပူဇနိယ မင်္ဂလာအဖွင့်စကားဖတ်ကြားလျှောက်ထားသည်။
ယင်းနောက် မြတ်ဗုဒ္ဓ၏သဗ္ဗညုတဉာဏ်ရောင် မြတ်တန်ဆောင်ကို လေးမြတ် ကော်ရော် ပူဇော်သောအားဖြင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တနာဂိတ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အလှည့်ကျ သဘာပတိ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ဦးဌေးလှိုင်တို့က ဆီမီးတန်ဆောင် ထွန်းညှိ ပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြသည်။
ထို့နောက် မဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာအား ရွတ်ဖတ်ကာ မဟာပဋ္ဌာန်းပစ္စယနိဒ္ဒေသ ဒေသနာတော်များကို ဩဝါဒါစရိယ ဆရာတော် ကြီးများ၊ ဗဟိုမဏ္ဍပ်အတွင်းရှိ ဧည့်သည်တော်များ၊ အာရုံခံမုခ်ဦး လေးခုတွင် နေရာယူ ထားကြသည့် ပရိသတ်တို့ကရွတ်ဖတ်ပူဇော်ပြီး ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရ စံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်မှ မဟာပဋ္ဌာန်းဒေသနာ တော်ကို အသံမစဲဆက်လက်ရွတ်ဖတ်ပူဇော်သည်။
ယင်းနောက် ရွှေတိဂုံစေတီတော် ထီးတော်ရုံတန်ဆောင်း၌ ဩဝါဒါစရိယဆရာတော် ကြီးများ၊ သံဃာတော်များ၊ သီလရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ယနေ့မှ မတ် ၅ ရက်အထိ ၁၀ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။