နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

ပြည်တွင်းစားသုံးဆီတိုးမြှင့်ထုတ်လုပ်ရေးနှင့် စားသုံးဆီ ဖူလုံရေးကိစ္စများနှင့် စပ်လျဉ်းသည့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပသည်။
         
ဉီးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က နိုင်ငံတော်အနေဖြင့် ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရန် မူဝါဒချမှတ် အကောင်အထည်ဖော်လျှက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ဆီတင်သွင်းသည့် နိုင်ငံအဖြစ်မှ ဆီတင်ပို့သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး လမ်းညွှန်ချက်ပေးထားပါကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့နိုင် သည့် အခြေအနေသို့ရောက်ရှိအောင် ဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်သူ  တောင်သူ များ၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆီစက်လုပ်ငန်းရှင်များအပြင် ပြည်ပမှ ဆီတင်သွင်း ဖြန့်ဖြူး သည့် လုပ်ငန်းရှင်များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆီတင် သွင်းသူ လုပ်ငန်းရှင်အဖြစ်မှ ပြည်ပသို့ ဆီတင်ပို့သူ လုပ်ငန်းရှင်အဖြစ် ရောက်ရှိရေး စတင် ပြင်ဆင်ရမည့် အချိန် ဖြစ်ပါကြောင်း၊ နေကြာအပါအဝင် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာ စေရန်၊ ဆီစက်လုပ်ငန်းများ တိုးတက်၍  အခွင့်အလမ်းကောင်းများ ရရှိနိုင်စေရန်နှင့် စားသုံးဆီထုတ်လုပ်မှုကဏ္ဍတစ်ရပ်လုံး မြင့်မားလာစေ‌ရေးအတွက် အသင်း အဖွဲ့များက ဦးဆောင်၍ စီးပွား‌‌ရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ ပါဝင်ဆောင်ရွက် ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။ 
    
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဥက္ကဌ၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံဆီစက်လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်မှုမြှင့်တင်နိုင်ရေး၊ ပြည်တွင်းစားသုံး ဆီဖူလုံမှုရှိစေရေးနှင့် ဆီစက်များ အဆင့်မြင့်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။
    
ဆွေးနွေးပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဌ၊ ဒုဥက္ကဌနှင့် တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့‌ဖြိုးတိုးတက်လာစေ ရန်အတွက် ပုဂ္ဂလိက ကဏ္ဍအား အသင်းချုပ်အနေဖြင့် အဓိကထား ဦးဆောင်၍ ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုမြင့်တင်ရေး ဆိုင်ရာပူးပေါင်းရွက်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ဆောင်ရွက်ရေးနှင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးကိစ္စများ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)