နေပြည်တော် ဖေဖော်ဝါရီ ၂၄

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို ကျောင်းသား/ ကျောင်းသူများ ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊  ရန်အောင်မြင်အမျိုးသားဆောင်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊  ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှုးများ၊ ပါမောက္ခချုပ်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်များသည် လူသားနှင့် သက်ရှိများ အားလုံးအတွက် အမျိုးမျိုးသော ဝန်ဆောင်မှုများ ထောက်ပံ့ပေးလျက် ရှိပြီး နောင်အနာဂတ် မျိုးဆက်များအတွက်ပါ လက်ဆင့်ကမ်းအမွေပေးနိုင်ရေးအတွက် ထိန်းသိမ်းကာကွယ်ကြရမည် ဖြစ်ကြောင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ရန်အတွက် သစ်တောပညာရှင်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ တက္ကသိုလ်အဆင့် သစ်တောပညာ သင်ကြားမှုကို ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့ရာ ယခု နှစ် ၁၀၀ ပြည့်ပြီဖြစ်ကြောင်း၊ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အထိ အရည်အချင်း ပြည့်မီ သော သစ်တောသိပ္ပံ ဘွဲ့ရ ၃၀၅၂ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပ တက္ကသိုလ်များတွင် ဆက်လက်လေ့လာ သင်ယူ၍ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ရရှိခဲ့သူ များစွာရှိ ကြောင်း၊ အစဉ်အလာ ကြီးမားခဲ့သည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ ယခုပညာရည်ဆည်းပူးရန် ရောက်ရှိလာသော မောင်တို့မယ်တို့အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိအောင် ဆရာ/ဆရာမများ၏ ဆုံးမစကားကို နာယူ၍  ကြိုးစားအားထုတ် စေလိုကြောင်း၊ ဆရာ/ဆရာမများကလည်း ကျောင်းသား/ ကျောင်းသူများအပေါ် သားသမီး သဖွယ် ကြည့်ရှုစောင့်ရှောက်၍ ဆရာ့ဝတ်ငါးပါးကို ကျေပွန်အောင် ဆောင်ရွက်သွားစေလို ကြောင်း မှာကြားသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက အဆို၊ အက၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များနှင့် ညစာ အတူတကွ သုံးဆောင်ကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပထမနှစ်မှ ပဥ္စမနှစ် အထိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၆၇ ဦး တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း  သိရသည်။ 

(သတင်းစဉ်)