နေပြည်တော်  ၁၃  ဖေဖော်ဝါရီ

 

ခွင့်ပြုခုတင် အသုံးချမှု ရာခိုင်နှုန်းပြည့်မီပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံပါက သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးအား ခုတင်(၂၀ဝ)ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြောသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပြီး သံတွဲ မဲဆန္ဒနယ်မှ ဦးမင်းကြည်၏ ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးအား ခုတင် (၁၀ဝ)ဆံ့ ဆေးရုံမှ ခုတင် (၂၀ဝ)ဆံ့ဆေးရုံ အဖြစ်သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က “သံတွဲမြို့ ပြည်သူ့ဆေးရုံတွင် ကျွမ်းကျင် ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများအနေဖြင့် အထူးကုဆရာဝန် သားဖွားမီးယပ်ဆရာဝန်၊ ကလေးဆရာဝန်၊ ဓာတ်မှန်ဆရာဝန်၊ လက်ထောက်ဆရာဝန် (ခွဲစိတ်)နှင့် (မျက်စိ)တို့ကို ခန့်ထားပေးပြီး ဖြစ်ပါကြောင်း၊ လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်များအား ၂၀၁၉ ခုနှစ် မတ်လကုန်တွင် သစ်လွင် လက်ထောက်များ ခန့်ထားစဉ်တွင် လုပ်သက်ရ လက်ထောက်ဆရာဝန် ၁၀ ဦးအား ထပ်မံဖြည့်စွက် ခန့်ထားပေးသွားမည် ဖြစ်ပါကြောင်း၊ သူနာပြုများ အနေဖြင့် သူနာပြုကြီး ၃ ဦး၊ အထက်တန်းသူနာပြု ၂၁ ဦး၊ သူနာပြု ၃၂ ဦး တိုးမြှင့်ခန့်ထားပေးပြီး ဖြစ်ပါကြောင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထောက်ပံ့ပေးမှုအနေဖြင့် ဗဟိုဆေးသိုလှောင်ရေးဌာနမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ  ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်အထိ တန်ဖိုးငွေကျပ် ၂၇၆ သန်း ထောက်ပံ့ပေးထားပါကြောင်း။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအရ ခုတင် အဆင့်မြှင့်တင်ရန် ခွင့်ပြုခုတင် အသုံးချမှု ရာခိုင်နှုန်း အနည်းဆုံး ခုတင် ၁၅၀ ရှိရမည့် အချက်နှင့်ပြည့်စုံရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ခွင့်ပြုခုတင် အသုံးချမှု ရာခိုင်နှုန်းပြည့်မီပြီး ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံပါက တိုးမြှင့်ဖွင့်လှစ်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

MDN