မော်လမြိုင် ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော ငြိမ်းချမ်းသစ္စာ နိမိန္ဒမျက်ရှင်တော် စေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ကာ မော်လမြိုင်မြို့၊ ဖက်တန်းရပ်၊ အဘယသုတာရာမ စာသင်တိုက်ကြီး၏  ဦးစီးပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဂန္ထဝါစက ပဏ္ဍိတ၊ ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသာသနထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကာ ငြိမ်းချမ်းသစ္စာ နိမိန္ဒမျက်ရှင်တော် စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား ဆက်ကပ်သည်။ ဆက်လက်၍ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ အနုမောဒနာ တရားနာယူ ကြည်ညိုကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို စေတီတော်ပါး လက်ယာရစ် သုံးပတ်လှည့်လည် ပင့်ဆောင်ကာ မင်္ဂလာအချိန်တွင် မင်္ဂလာရထားပျံဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ပြီး ဆရာတော်ကြီးများ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော် တင်လှူပူဇော်ပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။

စည်သူ(ပြန်/ဆက်)