ငဖဲ  ဖေဖော်ဝါရီ ၂၆

    
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ကိုရီးယားသမ္မတနိုင်ငံ Climate Change Centre (CCC) အစီအစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်သော တောင်အာရှနှင့်အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံများ(မြန်မာနိုင်ငံ)တွင်စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေး စီမံကိန်းအနေဖြင့်  စွမ်းအားမြှင့် CCC မီးဖိုများကို ကျေးရွာများတွင်အခမဲ့ဖြန့်ဝေလျက်ရှိရာ ယနေ့နံနက် ပိုင်းက ဇင်ပြွန်းကျေးရွာအုပ်စု ဂုတ်ဝကျေးရွာနှင့် ရေနွယ်ကျေးရွာများတွင် စွမ်းအားမြှင့် CCC မီးဖို ၂၁၄  လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
        
ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းသိန်း က ကျေးရွာပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ သဘာဝတောများ ထိခိုက်ပျက်စီမှုလျော့နည်း သက်သာစေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ စွမ်းအားမြှင့် CCC မီးဖိုများ ပေးအပ်ရခြင်းဖြစ်ကြောင်း ၊ CCC မီးဖိုသုံးစွဲခြင်းအားဖြင့် အချိန်ကုန်သက်သာ၍ချက်ပြုတ်ရာတွင်မြန်ဆန်ပြီး မီးခိုးအထွက်နည်းခြင်း၊ မီးဘေးအန္တရာယ်စိတ်ချရခြင်း၊ ငွေကုန်သက်သာခြင်း၊  ထင်းလောင်စာကုန်ကျမှု သက်သာခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စွမ်းအားမြှင့် မီးဖိုသုံးစွဲမှုလမ်းညွှန် အသိပညာ ပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။
    
ထို့နောက် ငဖဲမြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းသိန်း နှင့် ဝန်ထမ်းများက ကိုရီးယားသမ္မတနိုင်ငံ၏အစီအစဉ်ဖြင့် တောင်အာရှ နှင့် အရှေ့တောင်အာရှဖွံ့ဖြိုးဆဲနိုင်ငံ များနှင့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် CCC မီးဖိုများ ဖြန့်ဝေရေးစီမံကိန်းများအရ ဂုတ်ဝကျေးရွာရှိ အိမ်ထောင်စု (၁၀၃)စုအတွက် မီးဖို (၁၀၃)လုံးနှင့် ရေနွယ်ကျေးရွာရှိ အိမ်ထောင်စု (၁၁၁)စုအတွက် မီးဖို (၁၁၁)လုံး စုစုပေါင်း (၂၁၄)လုံးကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း ဖြန့်ဝေပေးအပ်ရန်ကျန်ရှိသည့် ကျေးရွာများကို ဆက်လက်၍ ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)