ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တေရသမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) နှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ စန္ဒဝံသာလင်္ကာရာ ဘိဝံသက ဆောင်ရွက်တော်မူသည်။

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်အပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိလာသာဘိဝံသက လည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဏ္ဍညက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာ သီဟာဘိဝံသကလည်းကောင်း ဝေဖန်ဆွေးနွေးတော်မူကြသည်။

ယင်းနောက် ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြပြီး အစည်းအဝေး (ပထမပိုင်း) ကို ရပ်နားလိုက်သည်။

မွန်းလွဲ ၁ နာရီတွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ တေရသမ အစည်းအဝေး ဒုတိယနေ့ (ဒုတိယပိုင်း) ကို ဆက်လက်ကျင်းပရာ ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာကိစ္စများ၊ ပညာရေးရာကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေး ဆုံးဖြတ်ချက်များအပေါ် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်ကို အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒာဝရာဘိဝံသကလည်းကောင်း၊ သာသနာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောသလ္လကလည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တအာစာရကလည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက အတည်ပြုချက်ရယူပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်းနှင့် အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ တေရသမ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအား သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ ဦးဆောင်သော တပည့်ဒါယကာ၊ ဒါယိကာမ ဓမ္မမိတ်ဆွေများက ပဉ္စတိံသတိမ (၃၅) ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။  

သတင်းစဉ်