အီရန်နိုင်ငံက အသံထက်မြန်သော ခရုဇ်ဒုံးကျည်များ တီထွင်ထုတ်လုပ်
တီဟီရန၊ ဖေဖော်ဝါရီ ၂၇
အီရန်နိုင်ငံ၏ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် (အိုင်အာဂျီစီ) သည် အသံထက်မြန်သော ခရုဇ်ဒုံးကျည်များကို တီထွင်ထုတ်လုပ်နေသည်ဟု အီရန်ထိပ်တန်းတပ်မှူး တစ်ဦးက ပြောကြားကြောင်း တရားဝင်သတင်းအေဂျင်စီ အိုင်အာ အင်န်အေက ဖေဖော်ဝါရီ ၂၅ ရက် တွင် ဖော်ပြသည်။
အိုင်အာဂျီစီ၏ ကာကွယ်ရေးဦးစီးချုပ် ဟူစိန်ဆာလာမီက အမျိုးသားနေ့ပွဲတော်၏ ပိတ်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် အီရန်သည် မြန်နှုန်းမြင့် ခရုဇ်ဒုံးကျည်များ တီထွင် ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။ အီရန်၏ အခြားစစ်ရေးစွမ်းရည်များနှင့် ပတ်သက်၍ ဆာလာမီက မှတ်ချက်ပေးရာတွင် မိမိတို့သည် မြေပြင်မှရေဒါများသုံးပြီး ဂြိုဟ်တုများကို ခြေရာခံနိုင်ကြောင်းနှင့် ကီလိုမီတာ ထောင်ချီဝေးသော သင်္ဘောများကိုပင် တိုက်ခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်။
ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် အိုင်အာဂျီစီ၏ လေကြောင်းဆိုင်ရာ ဌာနခွဲမှူး အမီယာ အလီဟာဂျီဇာဒက်က အီရန်သည် ၁၆၅၀ ကီလိုမီတာ အကွာအဝေးအထိ ပျံသန်းနိုင်သော ဖဲဗက်ရှ်အမည်ရှိ တာဝေးပစ် ဒုံးကျည်အသစ်ကို တီထွင်ခဲ့ကြောင်း ပြောကြားသည်။ အီရန်နိုင်ငံသည် ဒုံးကျည်ကာကွယ်ရေး စနစ်အားလုံးကို ထိုးဖောက်နိုင်စွမ်းရှိသည့် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည် တစ်စင်းကို တည်ဆောက်ခဲ့ကြောင်း အီရန်သတင်းဌာန၏ ရုပ်သံကွန်ရက်သို့ ဟာဂျီဇာဒက်က ယမန်နှစ် နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။
ဆင်ဟွာ